Preview

ရခိုင်မြို့နယ်အချို့တွင် ရေနစ်မြုပ်ခဲ့မှုကြောင့် စိုက်စပါးဧက အများအပြားပျက်စီး

စောရှင်မေ | ဇူလိုင် ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :598
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၅

ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ရေနစ်မြုပ်ခဲ့မှုကြောင့် စိုက်စပါးဧက အများအပြားပျက်စီးသွားကြောင်း လယ်သမားများက ပြောသည်။

ယခုလ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့အတွင်း မြေနိမ့်ပိုင်းအချို့မှ စပါးစိုက်ပျိုးထားသည့်လယ်ယာမြေများသည် ရေနစ်မြုပ်ခဲ့ရပြီး စပါးပင်များလည်း ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိ စပါးပင်များမှာ လသားအရွယ် ပင်ပေါက်ကလေးများဖြစ်ပြီး မိုးအလွန်သည်းထန်၍ ရေနစ်မြုပ်ခဲ့သလို စပါးခင်း၌တင်ကျန်ခဲ့သည့် ရေများ၊ နွံများအကြား စပါးပင်များမှာ နေလောင်ဒဏ်ကြောင့်လည်း ပျက်စီးသွားနိုင်သည်ဟု ကျောက်တော်မြို့မှလယ်သမားတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက ပြောသည်။

"မနှစ်ကလည်း ဒီလိုပဲ မိုးကြီးတယ်။ ပျိုးစိုက်မလို့ ထောင်ထားတဲ့ အပင်တွေလည်း ရေနဲ့ပါသွားတယ်။ ပျိုးလို့တော့ အချိန်မမီတော့ဘူး။ သက်ငယ်စပါးတွေပဲ ပျိုးရတော့မယ်။ ရေအနည်းနဲ့ နေပူလာတော့ ရေနွေးနဲ့ပြုတ်သလိုဖြစ်သွားတာပေါ့။ ၁၉ ရက်၊ တစ်လသားတွေလေ။ ပြိုကျသွားမှာပေါ့။ ၁၅ ဧက လောက်လုပ်တာ။ မြေနိမ့်ပိုင်းက ၁၀ ဧကလောက်ပျက်သွားတယ်။ ကျန်တာက ကုန်းအမြင့်မှာမို့လို့" ဟုပြောသည်။

ထိုသို့ ပျက်စီးခဲ့သည့်အတွက် လယ်သမားတို့အနေဖြင့် စပါးစိုက်ရာသီနှောင်းသွားနိုင်၍ သုံးလအကြာစိုက်ပျိုးရသည့် သက်နုစပါးများကိုသာ ကြဲပက်ရတော့မည်ဖြစ်သည်။

သက်ကြီးစပါးသည် လေးလ၊ ငါးလ အကြာစိုက်ပျိုးရလေ့ရှိကြောင်း သိရသည်။

ယခု ရေလွှမ်းမိုးပျက်စီးသွားသည့်အခြေအနေများအား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် အသေးစိတ်ကိုပြောနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌဦးကျော်ဇံက နိရဉ္စရာကို ပြောသည်။

"အဆက်အသွယ်လုပ်ရတာလည်း အဆင်မပြေတော့ အသေးစိတ်အချက်အလက်ကို ပြောဖို့က ခက်ပါတယ်။ ရေကြီးတဲ့အတွက် စပါးစိုက်ပျိုးရာသီက ကနဦးအစပဲရှိပါသေးတယ်။ ဒါကြောင့် ရေကြီးသွားပေမယ့် ဆုံးရှုံးသွားပြီး အလွန်အကျွံဖြစ်နိုင်တဲ့အနေအထားတော့ နည်းတယ်လို့ သုံးသပ်ပါတယ်" ဟု ပြောသည်။

blob
ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသည့် လယ်ဧကများအတွက် လယ်သမားများတွင် မျိုးစပါးများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

တစ်ဘက်တွင်လည်း ရခိုင်လွတ်မြောက်နယ်မြေများတွင် မျိုးစပါးများလိုအပ်နေသည့် လယ်သမားများကို အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၃ ရက်မှစတင်ကာ မျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိသည်ဟု သိရသည်။

ယခုနှစ်တွင် တောင်သူလယ်သမားတို့အနေဖြင့် ပြီးခဲ့သည့်နှစ်က စပါးဈေးကောင်းများ မရရှိခဲ့သည့်အတွက် အရှုံးပေါ်၍ တွက်ခြေမကိုက်သလို လက်ရှိတွင်လည်း သွင်းအားစုများ ဈေးနှုန်းမြင့်တက်နေမှုကြောင့် ယခုနှစ်စပါးစိုက်ရာသီတွင် စပါးစိုက်ဧကများ လျှော့ချ စိုက်ပျိုးခဲ့သူ အများအပြားရှိသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတို့ကလည်း ရခိုင်ရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် လယ်ဧက သောင်းနှင့်ချီ ပျက်စီးခဲ့ရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လယ်ယာ#စိုက်ပျိုးရေး#ဆန်/ စပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.