မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၁၄ /၂ဝ၂၅
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
“အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်”ဟု ယနေ့ ဇူလိုင်လ ၁၄ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာအနှံ့ မိုးထစ်ချုံးရွာသွန်းလျက်ရှိသည်။
လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသက်လေပြင်းများ ကျရောက်နိုင်သည့်အတွက် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် ရေကြီးလွှမ်းမိုးမှုမှ ရှောင်ရှားနိုင်စေရန် သတိထားနေထိုင်ကြရန်လိုသည်ဟုလည်း သိရသည်။
ယခုဇူလိုင်လ ပထမပတ်အတွင်းကလည်း ရခိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့်အတွက် မြို့နယ်အချို့၌ လူနေအိမ်များနှင့် စိုက်ပျိုးပြီးစ စပါးခင်းများ ရေလွှမ်းနစ်မြုပ်ခဲ့ရသည်။
ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။