သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၅
ရခိုင်-ပဲခူးအစပ် ဧရိယာတစ်ဝိုက်တွင် စစ်ကောင်စီ၏စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိနေကြောင်း သတင်းရရှိသည်။
ဥသျှစ်ပင်၊ ညောင်ခြေထောက်ကျေးရွာအနီးတစ်ဝိုက်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၆)တွင်ရှိသည့် စစ်ကောင်စီ၏စစ်ကြောင်းများသည် ရခိုင်-ပဲခူးအစပ်ရိုးပေါ်ရှိ AA သိမ်းထားသည့် ညောင်ကျိုးစခန်းဖက်သို့ စစ်ကြောင်းမကြာခဏထိုးသဖြင့် အပြန်အလှန်ပစ်ခတ်မှု မကြာခဏရှိနေသည်ဟု ဥသျှစ်ပင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"AA နဲ့ပူးပေါင်းတပ်ဖက်က ထိုးစစ်ရပ်ထားတာ လနဲ့ချီပြီ။ စစ်ကောင်စီဖက်ကတော့ ထိုးစစ်တက်တာတွေရှိတယ်။ သူတို့တက်လာရင် ဒီကပြန်တိုက်တယ်။ အပြင်းအထန်ဖြစ်တာမျိုးတော့မရှိဘူး အခုနောက်ပိုင်း။ တစ်ပတ်မှာ နှစ်ကြိမ်လောက်တိုက်ပွဲဖြစ်တာမျိုးရှိတယ်"ဟု ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များထိုးစစ်ရပ်နားသည့်အချိန်တွင် စစ်ကောင်စီသည် ဥသျှစ်ပင်မြို့နယ်မှ ကပစ(၆)နှင့် ညောင်ခြေထောက်ဖက်သို့ အင်အားအများအပြားဖြည့်တင်းထားပြီး ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနိုင်သည့်နေရာကို မှန်းဆကာ ပစ်ခတ်မှုများပြုလုပ်မှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"သူတို့ဖက်က ဒရုန်းတွေနဲ့ပစ်တယ်။ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်တာမျိုးရှိတယ်။ အင်အားကတော့ မကွေးဖက်မှာလို ကပစတွေရော၊ တပ်စခန်းဟူသမျှ ထပ်ဖြည့်ထားတယ်" ဟု ပြောသည်။
ကပစ(၆)သည် ညောင်ခြေထောက်ကျေးရွာ၏ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာတွင်တည်ရှိပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းနှင့် အမှတ် (၁၀၆)ဒုံးတပ်လည်းရှိကြောင်း သိရသည်။
ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည်စစ်ရေးအရ ခြိမ်းခြောက်ခံလာရသည့် ကပစစက်ရုံများအပါအဝင် ပြည်မြို့နှင့် ဥသျှစ်ပင်မြို့တို့အား AA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များ အလွယ်တကူဝင်ရောက်တိုက်ခိုက်လာမည်ကိုစိုးရိမ်ပြီး ရိုးပေါ်မှ ညောင်ကျိုးစခန်းအားပြန်လည်သိမ်းပိုက်ရန် ယခုကဲ့သို့ စစ်ကြောင်းထိုးကာ လက်နက်များဖြင့်ပစ်ခတ်မှုပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေ (၅)ရက်နေ့ကလည်း ရခိုင်ရိုးမပေါ်ရှိ AA သိမ်းပိုက်ထားသည့်ညောင်ကျိုးစခန်းကို စစ်ကောင်စီက အင်အားအများအပြားဖြင့်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများဖြင့် နောက်ဆုတ်ခဲ့ရကြောင်း မြေပြင်သတင်းအရ သိရသည်။
ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။