Preview

ရခိုင်မှလယ်သမားများကို AA က ဓာတ်မြေဩဇာများ ပေါက်ဈေးထက် ဈေးလျှော့ရောင်းချပေးနေ

စောရှင်မေ | လွန်ခဲ့သော ၁၈ နာရီ က | ကြည့်ရှုသူ :1980
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၅

ရခိုင်ပြည်ရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေအချို့မှ လယ်သမားများကို AA က ဓာတ်မြေဩဇာများအား လက်ရှိပေါက်ဈေးထက် ဈေးနှုန်းလျှော့၍ ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

ဘင်္ဂလာမြေဆီ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှင့် အိန္ဒိယမြေဆီတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

ယင်းသို့ ရောင်းချပေးနေသည့်အကြောင်းကိုလည်း လွတ်မြောက်နယ်မြေများရှိ အချို့ကျေးရွာများတွင် ယမန်နေ့ ဇူလိုင်လ ၁၃ ရက်တွင် ကျေးရွာတွင်း လှည့်လည်ကြေညာခြင်းများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်မှစတင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် စာရင်းပေးဝယ်ယူနိုင်ပြီဟု ကြေညာခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေသည့်အပေါ် ဝမ်းသာကြိုဆိုပြီး အဆိုပါဓာတ်မြေသြဇာများသည် အရည်အသွေးပြည့်မီရန် မျှော်လင့်သည်ဟုလည်း ကျောက်တော်မြို့မှလယ်သမားတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက နိရဉ္စရာကို ပြောသည်။

"ဒီလိုလျော့ဈေးနဲ့ လယ်သမားဝယ်နိုင်တဲ့ဈေးနှုန်းတစ်ခုနဲ့ ရမယ်ဆိုရင် ဝယ်ကြဲရမှာပေါ့။ ထိရောက်မှုရှိတဲ့ မြေဩဇာအကောင်းနဲ့ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေလည်း ကူညီရာရောက်တယ်။ လယ်သမားတွေလည်း သက်တောင့်သက်သာနဲ့ သုံးရမယ်" ဟုပြောသည်။

လက်ရှိ ရခိုင်ဒေသဈေးကွက်အတွင်း ဓာတ်မြေသြဇာတစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းကျော်အထိ ဈေးပေါက်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုသို့ မြေဩဇာဈေးနှုန်းများအား AA က လျှော့ချပြီးရောင်းပေးနေ၍ လာမည့် စပါးအထွက်ရာသီတွင် ယခင်နှစ်များထက် စပါးအထွက်နှုန်းတိုးတက်မှုများကို မြင်တွေ့လာရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စပါးအထွက်နှုန်းကောင်းဖို့အတွက်လည်း မြေဆီကလည်း အရေးပါတယ်။ နှစ်စဉ်ကြာလာတော့ လယ်ယာမြေတွေကလည်း မြေဩဇာအသုံးပြုမှုများလာတော့ သုံးမှလည်း အထွက်ကောင်းမယ်။ ဒီလိုထိထိရောက်အသုံးပြုမယ်ဆိုရင် လယ်သမားတွေအတွက်လည်း ဝမ်းသာစရာပေါ့" ဟုပြောသည်။

blob
ဓာတ်ပုံ - ရခိုင်မှ လယ်ယာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်။

လယ်သမားတို့အနေဖြင့် ပြီးခဲ့သည့်နှစ်က ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုဈေးနှုန်းကြီးမားသည့်အပြင် စပါးဈေးကောင်းများမရရှိခဲ့သည့်အတွက် တွက်ခြေမကိုက်သလို ငွေကြေးလည်ပတ်မှုမရှိသည့်အတွက် ယခုနှစ်တွင် စပါးစိုက်ပျိုးထားသော်လည်း ဓာတ်မြေဩဇာမကြဲပက်နိုင်သေးကြောင်း ကျောက်တော်မြို့နယ်မှ လယ်သမားဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

"စပါးဈေးရမလား မျှော်ကိုးနေလို့ မြေဩဇာလည်း မဝယ်နိုင်သေးဘူး။ မြေဩဇာ ဘာမှမကြဲရသေးဘူး။ အခုလိုလျှော့ပေးရင် စပါးကိုရတဲ့ဈေးနဲ့ထုတ်ပြီး ဝယ်ကြမှာပေါ့။ မြေဩဇာမရှိရင် ဘာမှလုပ်စားလို့မရဘူး။ တစ်ဧကမှာတစ်အိတ် အရင်နှစ်တွေထက် ပိုကြဲနိုင်လေကောင်းလေပဲ။ မြေဩဇာကြဲနိုင်မှ စပါးပင်တွေဖွံ့ဖြိုးမယ်။ စပါးအဆံတွေပြည့်မယ်လေ။ အဲဒါ မသုံးရင် စပါးပင်တွေနာတယ်။ နီရဲပြီး ပိုးကျသလိုဖြစ်လာတယ်။ ဆန်စက်မှာ စပါးထိုးရင်လည်း ရာခိုင်နှုန်းမပြည့်တော့ဘူး" ဟုပြောသည်။

ဓာတ်မြေဩဇာသည် လယ်ယာမြေအတွက် စပါးဖြစ်ထွန်းရန် အဓိကအရေးပါသော သွင်းအားစုတစ်ခုဖြစ်ပြီး မြေဩဇာကို သုံးထားသော လယ်ယာမြေများတွင် အာဟာရဓာတ် ပြည့်ဝလာပြီး အပင်ဖွံ့ဖြိုးမှုမှာလည်း ပိုမိုအားကောင်းလာကြောင်း သိရသည်။

ယခုစပါးစိုက်ရာသီအတွင်း မျိုးစပါးများလိုအပ်နေသည့် ရခိုင်မှ လယ်သမားများကိုလည်း AA က ဇူလိုင်လ ၃ ရက်မှစတင်ကာ အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်ဟုလည်း သိရသည်။

ရခိုင်မှ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းများအား ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ရန် ဒေသအာဏာပိုင်များအနေဖြင့် သွင်းအားစုဈေးနှုန်းများကို လျှော့ချပေးရန်လိုအပ်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းပြောဆိုထားသည်။

ရခိုင်တွင် ရွှေဝါထွန်း၊ အိန္ဒိယချေ၊ စာပစိ၊ သီရိဒုံ၊ ငစိန်၊ ဧည့်မထ၊ ပေါ်ဆန်းမွှေး စသည့်စပါးအမျိုးအစားများကို စိုက်ပျိုးတတ်ကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် လယ်ဧကပေါင်း ၁၂ သိန်းဝန်းကျင်ရှိသော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် မိုးစပါးစိုက်ပျိုးဧက လျော့ကျလာကာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဧက ခုနစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လယ်ယာ#စိုက်ပျိုးရေး#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.