သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်ဝန်ထမ်းပါသည့် စပိဘုတ်တစ်စီးသည် ယမန်နေ့က နစ်မြုပ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
တရုတ်ဝန်ထမ်းနှစ်ဦးနှင့် မြန်မာဝန်ထမ်းနှစ်ဦး မောင်းနှင်လာသည့် စပိဘုတ်သည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမြစ်တွင် ယမန်နေ့ ဇူလိုင် ၁၃ ရက်ညနေပိုင်းက နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ခဲ့ရသည်ဟု မဒေးကျွန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ကျောက်ဖြူမြို့က မဒေးကျွန်းကိုပြန်လာတဲ့အချိန်မှာ မြုပ်တာ။ မှောက်ပြီးမြုပ်တာ။ အသက်ကယ် အင်္ကျီပါလို့ အရေးပေါ်ကယ်ဆယ်ပေးနိုင်ခဲ့လို့ အသက်ရှင်တယ်။ အကုန်လုံးပေါင်း လေးယောက်"ဟု ပြောသည်။
တရုတ်ဝန်ထမ်းနှစ်ဦးနှင့် မြန်မာဝန်ထမ်းနှစ်ဦးသည် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတည်ရှိရာ မဒေးကျွန်းမှ ကျောက်ဖြူမြို့ပေါ်သို့ စပိဘုတ်ဖြင့် ကုန်ပစ္စည်းသွားယူပြီးအပြန်တွင် လှိုင်းလှေကြီး၍ အရှိန်မထိန်းနိုင်သည့်အတွက် တိမ်းမှောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နေဗီက အရေးပေါ်ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အုန်းကျွိန်ရေတပ်စခန်းနားမှာ ရပ်ထားတဲ့ စစ်ကောင်စီ နေဗီကနေ စပိဘုတ်တွေနဲ့ လာကယ်တာ။ ပြီးတော့ အုန်းကျွိန်ရေတပ်စခန်းကိုတင်တယ်။ ပြီးတော့ ဆေးတွေ၊ ဘာတွေကုပေးပြီး မဒေးကျွန်းကိုပို့လိုက်တယ်" ဟု ပြောသည်။
အုန်းကျွိန်ရေတပ်စခန်းသည် မဒေးကျွန်းနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပြီး မဒေးကျွန်းကိုလည်း စစ်ကောင်စီက လုံခြုံရေးယူပေးထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ကျောက်ဖြူအခြေစိုက် ရေတပ်စခန်းများဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦး၊ အုန်းကျွိန်ရေတပ်စခန်းစသည့် ပင်လယ်ပြင်တစ်လျှောက် စစ်ကောင်စီ၏ ကင်းလှည့်နေဗီများကင်းလှည့်နေပြီး ငါးဖမ်းထွက်သည့်စက်လှေများကို လက်နက်ကြီး/လက်နက်ငယ်ဖြင့် လှမ်းပစ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် အဆိုပါရေတပ်စခန်းများက ကင်းထောက်ဒရုန်းနှင့် အသေခံဒရုန်းများကိုလည်း လွှတ်ထားပြီး ဒေသခံများနှင့် အာရက္ခတပ်တော်(AA)၏ သွားလာမှုများကို စောင့်ကြည့်နေသည်ဟု သိရသည်။
ဓာတ်ပုံ - မဒေးကျွန်းရှိ တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတစ်နေရာအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။