ပိုးဝါ၊ နိရဉ္စရာ၊ ဇူလိုင် ၁၅/၂၀၂၅
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ စစ်တပ်အရာရှိလေးဦးကို လာဘ်ငွေယူကာ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့ခွင့်ပြုမှုဖြင့် အကျင့်ပျက်ခြစားမှုနှင့် သေဒဏ်အပါအဝင် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများမှာ နတခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင် (ထောင်ဒဏ် ၁၀ နှစ်)၊ ဗိုလ်မှူးကြီး အောင်ဆန်းလွင် (ထောင်ဒဏ် နှစ် ၂၀)၊ ဒုဗိုလ်မှူးကြီးကျော်စွာထွန်း(သေဒဏ်)၊ ဒုဗိုလ်မှူးကြီးမျိုးဇော်အောင် (ထောင်ဒဏ် တစ်သက်တစ်ကျွန်း)တို့ဖြစ်သည်။
သူတို့ကို ဇူလိုင်လ ၁၃ ရက်တွင် စစ်ကောင်စီ၏ စစ်ခုံရုံးက စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
နတခမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက “သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းလိုက်ပြီးမှ အခုလို ပြစ်ဒဏ်အကြီးကြီးတွေချလိုက်တာ ဖြစ်တယ်။ ဒီထဲက တချို့ပါဝင်သူတွေလည်း စစ်ဆေးနေဆဲရှိတယ်။ အဓိက စစ်ရေးအတွက် အထိနာနေချိန်မှာ အဓိကကျတဲ့ ကုန်တွေ သွင်းခွင့်ပေးလိုက်တာကြောင့် နိုင်ငံတော်သစ္စာဖောက်အနေနဲ့ သတ်မှတ်ခံလိုက်ရတာပါ” ဟု ပြောသည်။
ယခု ပြစ်ဒဏ်ချမှတ်ခံရသည့် အရာရှိလေးဦးအပါအဝင် အရာရှိ ၁၀ ဦးခန့်ကို လာဘ်ငွေ ကျပ်သိန်းထောင်ပေါင်းများစွာယူပြီး ရခိုင်သို့ စက်သုံးဆီ၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုခဲ့သည့်အတွက် စစ်ရုံးချုပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၇)ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။
ယခုအမှုတွင် တိုင်းရဲတပ်ဖွဲ့ရုံး ဦး(၁)တာဝန်ခံ ရဲမှူးအောင်နိုင်မိုး နှင့် တိုင်းရဲတပ်ဖွဲ့ တိုင်းဒ/နခေါင်းဆောင် ချစ်စမ်းမောင်၊ ခရိုင်ဒ/နခေါင်းဆောင်မြင့်အောင်၊ မြို့နယ်မှူးရဲရန်အောင်တို့လည်း လာဘ်ယူမှု အများဆုံးအဖြစ် ပါဝင်ပြီး ရာထူးလျှော့ ဖြင့် အရေးယူခံထားရသည်ဟု သိရသည်။
ဓာတ်ပုံ - CINCDS
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။