Preview

သံတွဲတွင် စစ်ဘေးရှောင်နှင့် ဒေသခံများအား ရွေ့လျားဆေးခန်းများဖြင့် အခမဲ့ ကုသပေးနေ

စောရှင်မေ | ဇူလိုင် ၁၆/ ၂၀၂၅ | ကြည့်ရှုသူ :568
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၅

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နှင့် ဒေသခံများအား "ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့"က အာရက္ခတပ်တော်(AA)မှ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ရွေ့လျားဆေးခန်းများဖြင့် အခမဲ့ဆေးကုသပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ ရွေ့လျားဆေးခန်းများဖြင့် နယ်လှည့်ကာ လူမျိုး၊ ဘာသာမရွေး အခမဲ့ဆေးကုသပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း သံတွဲမြို့နယ်ရှိ သွားလာရေးအခက်အခဲရှိသည့်နေရာများ၌ နေထိုင်ကြသော စစ်ဘေးရှောင်နှင့် ဒေသခံ ၂၆ဝ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း "ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့"မှ ဦးနီထွန်းအောင်က နိရဉ္စရာကို ပြောသည်။

"အဓိက ကုသပေးခဲ့တာကတော့ အရေးပြားယားနာတွေနဲ့ ဆီးချို၊ သွေးတိုး၊ အထွေထွေရောဂါတွေကိုကုသပေးခဲ့ပါတယ်။ ဒီဘက်မှာ ယားနာနဲ့ ဝမ်းရောဂါပုံစံမျိုးအဖြစ်များပါတယ်။ ပြည်သူတွေက စားဝတ်နေရေးအခက်အခဲရှိကြတော့ ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ဆိုရင် အဆင်မပြေကြဘူး" ဟုပြောသည်။

blob
တစ်ရက်လျှင် ဆေးဖိုးနှင့် ဆေးကုသစရိတ် ကျပ်သိန်းသုံးဆယ် ကုန်ကျနေသည်ဟုလည်း ဆိုသည်။

ယခုကဲ့သို့ နယ်လှည့်ပြီး အခမဲ့ဆေးကုသနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များနှင့် အဝေးရောက် အာရက္ခလူမှုရေးအသင်းများမှ လှူဒါန်းငွေများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

"အခုဆို ကျွန်တော်တို့ တစ်လမှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် နယ်လှည့်ပြီးကုသပေးသွားမယ်။ အလှူရှင်တွေအပေါ်မှာလည်း မူတည်တာပေါ့"ဟု ဦးနီထွန်းအောင်က ဆက်ပြောသည်။

သံတွဲမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် သိမ်းပိုက်ထားသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်ကြောင့် စစ်ဘေးရှောင်များကို နေရပ်သို့ ဝင်ရောက်နေထိုင်ခွင့် မပြုသေးဟု သိရသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်မှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတို့ကိုပိတ်ဆို့ထားမှုကြောင့် ဆေးဝါးများလည်း ရှားပါးပြီး ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိနေသည်။

ယင်းကြောင့် ဒေသခံများတွင် မကျန်းမမာဖြစ်လာပါက ကုသရန် ဆေးဝါးအခက်အခဲဖြင့် ရင်ဆိုင်လျက်ရှိကြသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ကျန်းမာရေးစောင့်ရှောက်မှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.