Preview

AA မှ ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အောက်မေ့ဖွယ် တပ်တွင်းစကားသံများ (Voxpop)

သဉ္ဇာနွယ် | ဇူလိုင် ၁၆/ ၂၀၂၅ | ကြည့်ရှုသူ :922
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၆/၂၀၂၅

အာရက္ခတပ်တော်(AA)မှ အသက် (၄၀) ခန့်အရွယ် ဗိုလ်မှူးကြီးဘုန်းမြတ်သည် ကိုဗစ် ကူးစက်ခံရ၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် ရခိုင်ပြည်တစ်နေရာ၌ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးကြီး ဘုန်းမြတ်သည် ရခိုင်ပြည်၊ ကျောက်တော်ဇာတိဖြစ်ပြီး ရခိုင်ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(AASYC) (ဘင်္ဂလာ)တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အာရက္ခတပ်တော်(ယခင်အသုံးအနှုန်း - ရက္ခိုင့်တပ်တော်)ပေါ်ပေါက်လာချိန်တွင် တပ်တော်ထဲသို့ ဝင်ရောက်၍ တပ်တော်အတွက် တိုက်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွန်ချွန် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဟု သိရသည်။

AA ၏ ရခိုင်ပြည်တွင်း ပထမဦးဆုံးတိုက်ပွဲကို စတင်ဖော်ဆောင်နိုင်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ရဲရင့်မှုအပြည့်နှင့် ဦးဆောင်တိုက်ပွဲဝင်နိုင်ခဲ့သည့်အပြင် တိုက်ပွဲပေါင်းများစွာကိုလည်း အောင်ပွဲများ ရရှိခဲ့သည့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိပြည့် တပ်မှုကောင်း လက်ရုံးကောင်းတစ်ဆူဖြစ်ကြောင်း AA က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

blob

၂၀၂၂ ခုနှစ်၊ ဇူလိုင် (၁၇)ရက်နေ့တွင် ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကလည်း သူ၏လူမှုကွန်ရက်စာမျက်နှာ၌ ယခုကဲ့သို့ ရေးသားခဲ့သည်။

"ဘုန်းမြတ်"

ကောင်းမကြာခင်မှာဖြစ်လာဖို့ အဆုံးအဖြတ်စစ်ပွဲအထိ မပါလာခကေလေ့ ဗွေဆော်ဦးတိုက်ပွဲကိုဦးဆောင်ခသူအဖြစ် ရက္ခိုင့်တပ်တော်သမိုင်းမှာရီးထိုးခသူ။

"ရက္ခိုင့်တော်လှန်ရီးထဲ တော်လှန်ရီးအတွက်မွီးဖွားလာသူစစ်စစ် တာဝန်ကျီ ရွက်ကျပင်ပေါက် ပစ်တိုင်းထောင် စစ်သည်တော် ဘက်စုံထူးချွန် နှလုံးလှလူသား အရိုးခံချစ်ဖို့ကောင်းရေစိတ်ဓာတ် လူတိုင်းချစ်ရေစရိုက်ချေတိကြောင့် မတ်ကိုသိရေလူတိုင်းက "အုံး" ဟောက်တေလို့ ထောက်ခံရင်း မတ်ပိုင်လူနှစ်ယောက်မဟိလို့ အပိုဆောင်းစကားပြောလီကတ်ဖို့" ဟု ဝမ်းနည်းကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။

ဗိုလ်မှူးကြီး ဘုန်းမြတ်သည် ကိုဗစ်ကူးစက်ခံရပြီးနောက် ကွယ်လွန်သွားခဲ့သည့် AA ၏ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးလည်း ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်သွားခဲ့သည်မှာ (၄)နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်သွားခဲ့သော်လည်း ဗိုလ်မှူးကြီး ဘုန်းမြတ်ကို ယနေ့ထက်တိုင် သတိရနေကြဆဲဖြစ်သည့် ဗိုလ်မှူးကြီး၏တပည့်တပန်းများနှင့် စစ်မေအချို့၏ အောက်မေ့ဖွယ်စကားသံများကိုလည်း နိရဉ္စရာက ဖော်ပြပေးလိုက်ပါသည်။

ရိုးတောင်စစ်မျက်နှာပြင်မှ တပည့် တပ်ရင်းမှူးတစ်ဦး

“ဘုန်းမှူးကြီးဘုန်းမြတ်ဟာ သူ့ကိုယ်သူ ကွန်မန်ဒို ခံယူချက်ရှိသူပီပီ စစ်သားဆိုတာ အမြဲတမ်း တိုက်ရည်ခိုက်ရည် လေ့ကျင့်နေရမယ်ဆိုပြီး တပည့်တွေကို ကရာတေး တိုက်ခိုက်ရေးတွေကို အမြဲတမ်း သင်ကြားပို့ချပေးတဲ့ တပ်မှူးကောင်းတစ်ယောက်ပါ။ အမြဲတမ်းရင်ထဲမှာရှိနေပါတယ်”

ဘင်္ဂလားဖက်မှ ဗိုလ်မှူးကြီး၏တပည့် တပ်ရင်းမှူးတစ်ဦး

“ဗိုလ်မှူးကြီးဟာ စိတ်ထားကောင်းတယ်။ အေးဆေးသမားပါ။ ပညာရေးကိုလည်း လိုက်စားတယ်။ သူက သီချင်းတွေဘာတွေလည်း ဆိုတယ်။ မိုနိုသီချင်းတွေကို ဆိုတယ်။ တခါတရံ ကျနော်တို့ မိုနိုသီချင်းဆိုလို့ ဂစ်တာတီးနေရင်တောင် သူက မေးတယ်။ မင်းလည်း မိုနိုလားဆိုတော့ ငါနဲ့တလိုင်းတည်းပဲဆိုပြီး ဖောဖော်ရွေရွေဆက်ဆံတယ်။ စကားပြောတယ်။ ဗိုလ်မှူးကြီးကို လက်အောက်ငယ်သားတွေ မချစ်တဲ့သူမရှိဘူး”

blob

တပ်မဟာ(၂) စစ်မေတစ်ဦး

“ဗိုလ်မှူးကြီးဟာ တပည့်သားသမီးအပေါ်မှာ ကြင်နာတတ်တဲ့ဆရာတစ်ယောက်ပါ။ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ရင်လည်း အထက်မှာရှိတဲ့ အရာရှိတွေကို ပြောပေးတယ်။ စစ်မေတွေကို ကျန်းမာ‌ရေးစောင့်ရှောက်မှုတွေကိုပေး။ လိုအပ်ရင် သူ့ကိုတင်ပြလို့ ပြောတယ်။ စစ်မေတွေကိုလည်း မိဘသဖွယ် ဆိုဆုံးမတယ်။ အမျိုးသမီးတွေဆို အနေအထိုင်ဆင်ခြင်ရမယ်ဆိုတာကအစ‌ပေါ့။ ရဲဖော်ရဲဖက်တွေနဲ့ စစ်မေတွေရဲ့ အသွားအလာ အနေအထိုင်တွေကအစ ဂရုစိုက်‌ပေးတယ်။ စည်းကမ်းလည်း ရှိတယ်။ သူကိုယ်တိုင်လည်း စည်းကမ်းနဲ့နေတယ်”

တပ်တွင်းနေ စစ်မေ ကလေးမိခင်တစ်ဦး

“ဗိုလ်မှူးကြီးရှိစဉ်ခါက ကလေးတွေ ပညာရေးနဲ့ကျန်းမာရေးကအစ။ ပညာရေးနဲ့ပတ်သက်လာရင် စာအုပ်စာတမ်းတွေ ဗိုလ်မှူးကြီးကိုပြောရင် ရှာပေးတယ်။ ကိုယ်တို့တတ်ထားတဲ့ ပညာတွေကို သားသမီးတွေကို တတ်နိုင်တဲ့ဖက်က သင်ပေးရမယ်။ အခု တောထဲမှာ နေတုန်း တောထဲမှာနေတယ်ဆိုပြီး ဒီအတိုင်းမထားဖို့။ အခြေအနေတခုခုရောက်ရင် ပညာရေးပိုင်းဆိုင်ရာမှာ နောက်မကျရအောင်အတွက်။ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ကလေးတွေက အစရဲဖော်တွေပါ အားလုံး ဂရုစိုက်ပေးတယ်။ မိတ်ဆွေကျေးရွာတွေကိုလည်း ကူညီတယ်။ စိတ်ထားစေတနာအရမ်းကောင်းတယ်။ ကျမတို့အခုချိန်ထိ သတိရနေပါတယ်”

ဓာတ်ပုံ - လူမှုကွန်ရက်

----
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.