သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၅
အာရက္ခတပ်တော်(AA)ကို ဆန္ဒပြရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ရောက်ရှိနေသည့် ရခိုင်လူမျိုးများအား စစ်ကောင်စီထောက်ခံသူများနှင့် စစ်ကောင်စီဝန်ထမ်းများက စည်းရုံးနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တွင် ရွှေပြည်သာ၊ လှိုင်သာယာစသည့်မြို့နယ်များအပါအဝင် ရခိုင်လူမျိုးအများစုနေထိုင်သည့် မြို့နယ်၊ ရပ်ကွက်များသို့ကွင်းဆင်းကာ ယခု ဇူလိုင်လ ဒုတိယပတ်မှစ၍ ရပ်ကွက်အလိုက် စည်းရုံးနေခြင်းဖြစ်သည်ဟု စည်းရုံးခံရသူ ရခိုင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"လာစည်းရုံးတဲ့အထဲမှာ ကျောင်းဆရာမတွေ၊ လဝက၊ ထွေအုပ်တွေ။ အကုန်လုံး ရခိုင်တွေချည်းပဲ။ စစ်ကောင်စီရဲ့လက်ပါးစေတွေ။ သူတို့က ဘယ်လိုပြောလဲဆိုတော့ AA ကြောင့် ငါတို့ စစ်ရှောင်လာရတယ်။ ပြေးနေရတယ်။ ဖုန်းလိုင်းတွေဖြတ်တောက်ထားလို့ မိသားစုနဲ့အဆက်အသွယ်မရအောင်လုပ်တယ်။ လမ်းတွေပိတ်ထားတယ်။ လမ်းတွေပြန်ဖွင့်အောင် AA ကို ဆန္ဒပြရမယ်လို့ ပြောခဲ့တယ်" ဟု ပြောသည်။
ယင်းသို့ စည်းရုံးရာတွင် လာရောက်စည်းရုံးသူများက ဆန္ဒပြပွဲအတွင်း ဝင်ရောက်ဆန္ဒပြပါက တစ်ဦးလျှင် ကျပ်တစ်သောင်း ပေးမည်ဟု မက်လုံးပေး ပြောဆိုသွားခဲ့သည်ဟုလည်း ဆိုသည်။
အဆိုပါဆန္ဒပြပွဲကို သံတွဲမြို့မှ ပြည်သူ့စစ်အဖွဲ့မှ ဦးထွန်းဇော်လတ်ဆိုသူဦးဆောင်ပြီး ဇူလိုင်လ ၆ ရက်တွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဒုလပန်းခြံ၌ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်ဟု သိရသည်။
“ULA/AA အဖွဲ့ကို မထောက်ခံကြောင်းနှင့် ရခိုင်ပြည်အတွင်းမှ ချေမှုန်းမောင်းထုတ်ပေးပါရန်”ဟုဆိုသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ယင်းသို့ဆန္ဒပြပွဲပြုလုပ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ထားသော်လည်း ခွင့်ပြုချက်မကျသေး၍ ယခုရက်ပိုင်းအတွင်း ထပ်မံ ခွင့်ပြုချက်တင်ထားသေးသည်ဟု သိရသည်။
အဆိုပါဆန္ဒပြပွဲဦးဆောင်မည့် ဦးထွန်းဇော်လတ်ဆိုသူသည် သံတွဲမြို့၊ ငပလီကမ်းခြေ၊ လင်းသာကျေးရွာမှဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ စစ်ဘေးရှောင်နေသူဖြစ်သည်ဟု သိရသည်။
AA သည် လက်ရှိတွင် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်၌ မြို့နယ်ပေါင်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
AA သိမ်းပိုက်ရန် ကျန်ရှိသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်စသည့် မြို့သုံးမြို့အနက် ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် AA တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
လက်ရှိတွင် ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များအား တစ်အိမ်ထောင်လျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ကြေးပေးရန် စစ်ကောင်စီကလည်း မြို့နယ်အလိုက် စာရင်းကောက်ကာ ရခိုင်လူမျိုးများအားစည်းရုံးနေသည်ဟုလည်း ရန်ကုန်ရောက် စစ်တွေမြို့ခံ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
"ရခိုင်စစ်ရှောင်တွေကို ကူညီသလိုမျိုးပေါ့။ စာရင်းအတိအကျကောက်နေတာ။ ဘယ်မြို့နယ်မှာ ရခိုင်ဘယ်နှစ်ယောက်ရှိလဲဆိုတာ။ တဖက်လှည့်ကွက်နဲ့ပေါ့။ ပြီးတော့ သူတို့ကိုစည်းရုံးမယ်။ AA ကို စိတ်ဝမ်းကွဲအောင် လုပ်မယ်။ ဆန္ဒပြခိုင်းမယ်။ စစ်ကောင်စီဖက်က အမျိုးမျိူး ကြံစည်စည်ရုံးနေတယ်လို့ပဲ မြင်တယ်"ဟု ပြောသည်။
AA ရခိုင်မှ မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသည့်အပြင် ရခိုင်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဧရာဝတီ၊ မကွေးနှင့် ပဲခူးစသည့် တိုင်းသုံးတိုင်းသို့လည်း AA ၏ ထိုးစစ်များ ဝင်ရောက်လျက်ရှိသည်။
ယင်းသို့ အောင်မြင်မှုများရရှိလာနေသည့် AA ကို ရခိုင်လူထုနှင့် သွေးခွဲလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုဆန္ဒပြပွဲဖြစ်မြောက်အောင် စစ်ကောင်စီက တမင် ဖန်တီးခြင်းဖြစ်သည်ဟုလည်း လေ့လာသူများက သုံးသပ်သည်။
ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။