နိရဉ္စရာ၊ ဇူလိူင် ၂၀/၂၀၂၅
ဇူလိုင်၁၉ တစ်ရက်တည်းအတွင်း ငါးဖမ်းစက်လှေများနှင့်အတူရခိုင် ငါးဖမ်းသမား ၁၀ကျော်ကို စစ်ကောင်စီရေတပ်ကဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ငါးဖမ်းစက်လှေနှင့်အတူဖမ်းဆီးခံရသည့် ငါးဖမ်းသမားများမှာ ကျောက်ဖြူမြို့နယ်မှ (၅)ဦး၊ရမ်းဗြဲမြို့နယ်မှ (၃)ဦးနှင့်မာန်အောင်မြို့နယ်မှ ၃ ဦးတို့ဖြစ်သည်။
ကျောက်ဖြူမြို့နယ်မှဖမ်းဆီးခံရသူများမှာ ဇင်ချောင်းကုန်ဘွေရွာမှ ဦးစံလှဘို၊ ဦးဖလန်၊ကုန်းကြီးရွာမှ ဦးထွန်းလင်းအောင် ၊ မလကျွန်းရွာမှ ဦးမင်းသူ၊ဂုံးချွိန်ရွာမှ ဦးမြင့်ဆွေ တို့ဖြစ်သည်။
ရမ်းဗြဲမြို့နယ်မှဖမ်းဆီးခံရသူများမှာလေးတောင်မြို့၊ နဂါးရွာမှကိုအောင်ချစ်ထွန်း၊ ဆင်တက်မော်ရွာမှ ဦးမောင်မျိုးဝင်းနှင့်မောင်ခင်အောင်သိန်းတို့ဖြစ်သည်။
မာန်အောင်မြို့နယ်တွင်ဖမ်းဆီးခံရသူများမှာ သစ်ပုံချောင်းဝတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးစက်လှေတစ်စီးနှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသား ၃ ဦးတို့ဖြစ်သည်။
ကျောက်ဖြူနှင့်ရမ်းဗြဲက ဖမ်းဆီးခံရသူများမှာ ယမန်နေ့ ဇူ လိုင် ၁၉ ရက်နေ့ က လေးတောင်မြို့၊ ဆင်တင်မော်ဆိပ်မှတဆင့် ကင်းချောင်းဝအောက်ဖက်တွင်ငါးဖမ်းနေစဉ် ကျောက်ဖြူ ဇင်ချောင်းရွာ အောက်ဖက်မှ ပင်လယ်ပြင်တွင်ကျောက်ချထားသည့် စစ်ကောင်စီ၏ နေဗီတစီးမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံမျက်မြင် အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" ဖမ်းနေတာက ရမ်းဗြဲဖက်က ကင်းချောင်းဝမှာ ငါးဖမ်းနေတာပါ။ အဲ့တာကို ရမ်းဗြဲဝါးနက်ချွိန်ရွာနားမှာရှိတဲ့ နေဗီက စစ်သားတွေက ဖမ်းသွားတာပါ။ကျောက်ဖြူနဲ့ရမ်းဗြဲပေါင်းလို့ စက်လှေ ၂စီး။ လူ ၈ ယောက်ပါတယ်။ကျနော်တို့သိရသလောက်နေဗီပေါ်ပါသွားတယ်" ဟု ပြောသည်။
ယင်းအပြင်ယမန်နေ့ဇူလိုင် ၁၉ရက်နေ့ ညနေပိုင်းကလည်း မာန်အောင်မြို့နယ် မှ အမျိုးသား ၃ဦးစီးလာသည့် ငါးဖမ်းစက်လှေတစ်စီးမှာ သစ်ပုံချောင်း၀တွင် ရပ်ထားသည့် စစ်ကောင်စီ၏ နေဗီမှဖမ်းဆီးသွားသည်ဟု မာန်အောင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
" သစ်ပုံချောင်းဝအတိုင်း ငါးဖမ်းထွက်လာတာ ။ညနေပိုင်းနေဝင်စတော့ပြုနေပြီ။ နေဗီကစစ်ကောင်စီကဖမ်းသွားတာ။ သူတို့ကလှမ်းခေါ်ပြီးဖမ်းတာ။ ဒီနေ့အထိတော့မလွတ်သေး " ဟု ပြောသည်။
စစ်ကောင်စီသည်အာရက္ခတပ်တော်နှင့် တကျော့ပြန် စစ်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ပြီး ရခိုင်ရေလုပ်သားများအား ပင်လယ်ပြင်တွင်ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား မကြာခဏ သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။
ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေရသည့်ငါးဖမ်းသမားများမှာ စစ်ကောင်စီ၏ နေဗီထံမကြာခဏ ဖမ်းဆီးခံနေရပြီး အများစုမှပြန်လွတ်လာခြင်းမရှိဘဲ အဆက်သွယ်မရပျောက်ဆုံးနေကြောင်း သိရသည်။
စစ်ကောင်စီ၏နေဗီများသည်စစ်တွေ- ကျောက်ဖြူ- ပေါက်တော- မာန်အောင် မြို့နယ်ကြားရှိ ပင်လယ်ပြင်တွင်ရပ်နားထားပြီး အသွားအလာကင်းလှည့်ကာ ငါးဖမ်းထွက်သည့်ငါးဖမ်းစက်လှေများမြင်လျှင် ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် ဒေသခံများမှာ စီးပွားဖြစ် ငါးဖမ်းမထွက်ရဲဘဲ အသက်ကိုလုကာ ဝမ်းစာအတွက်ရှာဖွေနေရကြောင်းသိရသည်။
စစ်ကောင်စီထံ အဖမ်းခံထားရသည့် ငါးဖမ်းသမားအများစုမှာ ပေါက်တော၊ ကျောက်ဖြူ၊မာန်အောင်၊ရမ်းဗြဲမြို့နယ်များမှ ဒေသခံအများစု ဖြစ်သည်။