Preview

ကျောက်ဖြူတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုဖြင့် AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေ

သဉ္ဇာနွယ် | ဇူလိုင် ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :8689
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၂၂/ ၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ သုံးခုဖြင့် အာရက္ခတပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ် အနီးအနားကျေးရွာများဖြစ်သည့် စည်မော်၊ ထောင့်ချောင်း၊ ဝါး‌တော၊ ကြက္ကတိန်၊ ကုလဘာ စသည့်ကျေးရွာများပတ်ဝန်းကျင်ကို ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီဖက်က အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဓညဝတီရေတပ်ဌာနချုပ်အနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတာ။ အင်အား ၃၀၀ လောက်ပါတယ်။ အဓိက ဒရုန်းပစ်ကူပေးပြီးတက်လာတာ။ ဒီနေ့လည်း AA ကို ကြည်း၊ ရေ၊ လေသုံးခုကနေ ပေါင်းပြီးတိုက်နေတာ" ဟု ပြောသည်။

AA ရှိနေနိုင်သည့်နေရာများအပြင် ဒေသခံများ နေထိုင်ရာကျေးရွာအနီးအနားများကိုပါ မဒေးကျွန်းနှင့် ဓညဝတီရေတပ်ဌာနချုပ်ကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ နေဗီများက လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသည့်အပြင် ဂျက်ဖိုက်တာများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"တောင်မော်ဦး၊ အုန်းကျွိန်ရေတပ်စခန်းဖက်ကလည်း ပစ်တယ်။ ဒီလမှာပြန်ပြီး ရေကြောင်းကပြန်ပြီး ပစ်လာတယ်။ အရင်လတွေက ဒရုန်းနဲ့ပစ်တာများတယ်။ အခု ဒရုန်းပါ၊ ဂျက်ပါ၊ နေဗီပါ သုံးမျိုးလုံးနဲ့ ပစ်နေတာ။ အသံတွေ နေ့တိုင်းကြားရပါတယ်။ မနေ့ကလည်း ဂျက်နဲ့ပစ်သွားတယ်" ဟု ပြောသည်။

ယင်းအပြင် ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် ပြိုင်းစေ့ကေ၊ မလကျွန်းဧရိယာတစ်ဝိုက်တွင်လည်း စစ်ကောင်စီက ယခင်ကနည်းတူ AA ထိန်းချုပ်ထားသည့်နေရာများနှင့် တိုက်ပွဲဖြစ်နေသည့်နေရာများသို့ အင်အားဖြည့်ကာ AA ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းများထံမှ သိရသည်။

blobယမန်နေ့ ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်ရှိ ကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးလာကြဲခဲ့၍ သက်တော်(၉၃)နှစ်အရွယ် ဆရာတော်ကြီးတစ်ပါးနှင့် လူငယ်တစ်ဦးဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်အချို့လည်း လုံးဝ ပြိုပျက်သွားခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံး၊ ဒဏ်ရာရမှုများပြားနေသည့်အပြင် AA ထံ ထွက်ပြေးမှုနှင့် အလင်းဝင်လာမှုများလည်း ရှိနေသည်။

ယင်းကြောင့် စစ်ကောင်စီတပ်သား အင်အားကို ရေကြောင်း၊ လေကြောင်းမှ အလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းပြီး နည်းပညာမြင့် ဒရုန်းများကိုအားကိုးကာ AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.