Preview

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကောင်စီကအလုပ်ပြန်ခန့်ပြီး လူပျို/လူလွတ်ထမ်းများအား  နေပြည်တော်သို့ပို့ဆောင်တာဝန်ပေးထားဟုဆို

သဉ္ဇာနွယ် | ဇူလိုင် ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :3523
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင်၂၃/၂၀၂၅

ရခိုင်ပြည်ထဲမှတိုက်ပွဲကြားထဲမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီမှနေရာဒေသအလိုက်အလုပ်ပြန်ခန့်ကာနေရာချထားပေးသည်ဟုစစ်ရှောင်ဝန်ထမ်းနှင့်နီးစပ်သူအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

" တိုက်ပွဲဖြစ်နေတဲ့ကြားထဲကရှောင်လာကြတာပါ။ တချို့ဝန်ထမ်း‌တွေကတော့ တိုက်ပွဲတွေကို စိုးရိမ်ပြီး ကြောက်လို့ထွက်ပြေးတာ။ တချို့ကတော့ အလုပ်အကိုင်မရှိလို့ ထွက်ပြေးတာ။ ရန်ကုန်ရောက်ရင်သူတို့ အလွယ်တကူ အလုပ်လျှောက်လို့ရတယ်။ဥပမာ လှိုင်သာယာဆို လှိုင်သာယာမှာနေရာချပေးတယ်။ စာရွက်စာတမ်းမပါလည်း လျှောက်လို့ရတယ်။ နာမည်ပြောလိုက်ရင်သူတို့မှာ စာရင်းရှိတယ်လေ။ အခုတလောကမှရောက်တဲ့သူတွေလည်း လျှောက်တယ်။ ဘယ်အချိန်လျှောက်လျှောက်ဝန်ထမ်းဆိုအကုန်ရတယ်  " ဟုပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများအထဲတွင်အိမ်ထောင်ရှိသူများကိုဝန်ထမ်းအိမ်ရာများတွင်ထားပြီးလူပျို/လူလွတ်များကိုနေပြည်တော်ရှိ  လိုအပ်သည့်ဌာနဆိုင်ရာနေရာများသို့ပို့ဆောင်ထားသည်ဟုဌာနဆိုင်ရာနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။

" လူပျို/လူလွတ်ဝန်ထမ်းတွေကိုနေပြည်တော်မှာထားတယ်။ခိုင်းရာနေစေရာသွားသဘောပေါ့" ဟုပြောသည်။

စစ်ကောင်စီသည်ရန်ကုန်ရောက်နေသည့်  ရခိုင်မှဌာနဆိုင်ရာဝန်များအားနေရာပေးကတချို့နေရာများတွင်အသုံးချဆောင်ရွက်လျက်ရှိသည်ဟုသူကဆက်ပြောသည်။

" တချို့ကျောင်းဆရာမတွေဆိုတပ်တွင်းမှာစာသွားသင်ပြရတယ်။အပြင်ကကျောင်းတွေမှာလျှောက်လို့မရဘူး။ပြီးတော့စစ်တပ်ကခိုင်းတဲ့အတိုင်းလိုအပ်တဲ့နေရာတွေမှာလိုက်လုပ်ပေးရတဲ့သဘောမျိုးရှိတယ်"ဟုပြောသည်။

စစ်ကောင်စီသည်ရန်ကုန်ရောက်ရခိုင်ကဌာနဆိုင်ရာဝန်ထမ်းများအပါအဝင်စစ်ရှောင်များအား AA အားမထောက်ခံရန်မက်လုံးအမျိုးမျိုးဖြင့်စည်းရုံးနေကြောင်းရခိုင်နိုင်ငံရေးလေ့လာသူအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

စစ်ကောင်စီကဌာနဆိုင်ရာဝန်ထမ်းတွေအပေါ်  အခွင့်အရေးပေးတယ်။ဒီတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကိုအလုပ်ပေးထားရင်ပေးထားတဲ့သူဖက်ကပါကိုပါရမှာပဲ‌လေ။နောက်တခုကရခိုင်ကဝန်ထမ်းတွေတခုခုဖြစ်ရင်ပြေးစရာမရှိ‌တော့ဘူးလေ။စစ်ရှောင်တွေကိုလည်းအဲ့ဒီအတိုင်းပဲထောက်ပံ့ကြေးတွေပေးတာမျိုးလုပ်နေတယ်စစ်ကောင်စီက။မက်လုံးပေးပြီးတဖက်သတ်စည်းရုံးနေတာAAနဲ့ရခိုင်လူထုအကြားသွေး‌ကွဲအောင်။နောက်တခုကရွေးကောက်ပွဲလည်းကျင်းပမယ်ဆိုတော့ " ဟုပြောသည်။

ယခုဇူလိုင်လအတွင်းတွင်အာရက္ခတပ်တော်(AA)ကိုဆန္ဒပြရန်အတွက်ရန်ကုန်တိုင်းဒေသကြီးတွင်ရောက်ရှိနေသည့်ရခိုင်လူမျိုးများအားစစ်ကောင်စီထောက်ခံသူများနှင့်စစ်ကောင်စီဝန်ထမ်းများကစည်းရုံးခဲ့ကြောင်းလည်းသိရသည်။

ရခိုင်တွင်တကျော့ပြန်တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့သည့်၂၀၂၃နိုဝင်ဘာ၁၃ရက်မှစ၍ဌာနဆိုင်ရာရုံးများ၊စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများပိတ်ထားခဲ့ရပြီးဝန်ထမ်းများမှာလည်းနေရာဒေသအလိုက်အသီးသီးစစ်ရှောင်သွားရကာအလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်းသိရသည်။

လက်ရှိအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲတွင်ရှိနေသည့်ဌာနဆိုင်ရာဝန်ထမ်းတချို့မှာအာရက္ခနယ်မြေထဲတွင်တာဝန်ထမ်းဆောင်သူများရှိသကဲ့သို့  မိမိတတ်ထားသည့်ပညာဖြင့်ကိုယ်ပိုင်အလုပ်လုပ်နေသူများလည်းရှိနေကြောင်းဒေသခံများကပြောသည်။


#စစ်ကောင်စီ#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.