Preview

AA နေသည့်နေရာကို သတင်းပေးရန် အမ်း-ပဒါန်းလမ်းရှိ ရိုးပေါ်နေဒေသခံများအား စစ်ကောင်စီစည်းရုံးနေ

သဉ္ဇာနွယ် | ဇူလိုင် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :7144
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၅

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် ကျေးရွာများမှ ဒေသခံများအနေဖြင့် အာရက္ခတပ်(AA)နေသည့်နေရာကို သတင်းပေးရန် စစ်ကောင်စီက စည်းရုံးနေကြောင်း သတင်းရရှိသည်။

ရိုးပေါ်နေ ဒေသခံများ၏ ပဒါန်းမြို့သို့ စားနပ်ရိက္ခာဝယ်ယူခွင့်ကန့်သတ်တားမြစ်ခံထားရမှုကို စစ်ကောင်စီက ယခုဇူလိုင်လအတွင်း ပြန်လည်ဖွင့်ပေးပြီး ဖြတ်သန်းသွားလာသူများကို ယခုကဲ့သို့ စည်းရုံးနေခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အရင်ကတော့ ပိတ်ထားတယ်။ အခု သွားခွင့်တော့ ပြန်ပေးတယ်။ ပေါ်ပေါ်ထင်ထင် ပေးထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဂိတ်၊ သူတို့စစ်ကြောင်းနဲ့တွေ့ရင် AA ဘယ်မှာနေလဲ၊ ဘယ်ဖက်မှာနေလဲဆိုတာကိုမေးတယ်။ သူတို့ကို AA ရှိတဲ့နေရာတွေကိုပြောရမယ်လို့ ပြောတယ်။ အဓိက ဂုတ်ကြီးရွာစစ်ဆေးရေးဂိတ်မှာ စစ်တယ်" ဟု ပြောသည်။

AA ရှိသည့်နေရာအားမသိကြောင်းဖြေဆိုခဲ့သည့် ဒေသခံများအား ရိုက်နှက်သည်ဟုလည်း လွတ် မြောက်လာသူတစ်ဦးနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"AA ရှိတဲ့နေရာကိုမသိဘူးလို့ဖြေလို့ ရိုက်နှက်ထိုးကြိတ်ပြီး လွှတ်ပေးလိုက်တယ်။ မသေရုံတမယ်ပဲ။ အရိုက်ခံရတဲ့သူအများစုက အမျိုးသားတွေ" ဟု ပြောသည်။

အမ်း ရိုးပေါ်နေ ဒေသခံများကို စားနပ်ရိက္ခာ တစ်နပ်စာထက်အပို ဝယ်ယူခွင့်မပေးရန် နတ်ရေကန်စခန်းကိုဦးဆောင်ကာကွယ်ရန်တာဝန်ကျထားသည့် တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းက ဧပြီလ နောက်ဆုံးပတ်မှစ၍ အမိန့်ထုတ် တားမြစ်ထားခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာများ AA ထံ ရောက်မည်စိုးသည့်အတွက် ယခုကဲ့သို့ တားမြစ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် အမ်းမြို့နယ်၊ ရိုးတောင်ပေါ်ရှိ AA နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆေးဝါးများရောက်ရှိမည်စိုး၍ မကွေးတိုင်း၊ ပဒါန်းမြို့ရှိ ဆေးဆိုင်များအထိပါ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါရိုးပေါ်မှဒေသခံများအား ယခုလအတွင်း စစ်ကောင်စီစစ်ကြောင်းများသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ အရပ်သားအယောင်ဆောင်ကာ ယခင်ကထက် စစ်ဆေးမှုပြုလုပ်လျက်ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရိုးပေါ်မှာ တောင်ယာလုပ်စားနေတဲ့သူတွေကအစ စစ်ကောင်စီက လိုက်မေးတယ်။ ပဒါန်းမသွားဘဲ ယာခင်းကိုသွားလည်း AA အကြောင်းစုံစမ်းတယ်။ နောက်တစ်ခုက သူတို့အရပ်ဝတ်နဲ့ နေတယ်။ စစ်ဆေးတယ်။ တွေ့သမျှလူ တစ်ယောက်မှမကျန် စစ်ဆေးမေးမြန်းတယ်" ဟု ပြောသည်။

ယခုအဓိကစစ် ဆေးခံနေရသည့် ဒေသခံများမှာ အမ်းမြို့နယ်နှင့် ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် နတ်ရေကန်တောင် ကြောရှိ ဂုတ်စည်း၊ ဂုတ်ကြီး၊ စပြွန်းရွာ၊ စွန်တက်၊ လင်းတဲ၊ တုံးကြီး၊ မထုံး၊ ကံမြင့်ကန် စသည့် ကျေးရွာများအပါအဝင် ရိုးအထက်ပိုင်းမှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီသည် ရိုးပေါ်တွင် AA ရှိနိုင်သည့်နေရာများကို ဒရုန်းအပါအဝင်လက်နက်ကြီးကျည်များဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။ (ပုံဟောင်း)

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.