ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် နွားတစ်ကောင်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာနှင့် ရွှေဇားကျေးရွာတို့အကြားတွင် ဇူလိုင်လ ၂၃ ရက်၊ နေ့လယ်က နွားအုပ်တစ်အုပ်သည် အဆိုပါနေရာအနီးရှိ မွတ်ဆလင်လူမျိုးပိုင် ခြံတစ်ခုသို့ ဝင်ရောက်ပြီး အစာစားနေကြချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"အောင်ဗလရပ်ကွက်ဆိုင်းဘုတ်နားက မွတ်ဆလင်အိမ်တစ်ဆောင်ကနေ ပေါက်တာပါ။ အဲမှာ လူတော့ မနေဘူး။ နွားတစ်အုပ်တော့ အဲနားမှာရှိတယ်။ မိုင်းနင်းမိတဲ့ နွားတစ်ကောင်မှာ လက်တစ်ချောင်းပြတ်ထွက်သွားတယ်။ မိုင်းက တော်တော်ကြီးတယ်လို့ထင်တယ်။ အသံလည်း တအားကျယ်တယ်" ဟု ပြောသည်။
ရခိုင်ပြည်၏ အနောက်ဘက်နယ်စပ်မြို့ဖြစ်သော မောင်တောမြို့နယ်တွင် စစ်ကောင်စီသည် ၎င်းတို့တပ်စခန်းများအပြင် လမ်းမများနှင့် လူနေအိမ်ခြံများတွင်လည်း ထောင်နှင့်ချီသော မိုင်းများကို ထောင်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်၊ နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ရွှေဇားမွတ်ဆလင်ကျေးရွာဖက်သို့ ငါးသွားရှာသည့် လသာကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ဦးအဒူဟာလေ့ခ်သည် မိုင်းနင်းမိပြီး ညာဖက်ခြေချင်းဝတ် ပြတ်ထွက်သွားခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း မောင်တောမြို့နယ်၊ ရွှေဇားအနောက်မွတ်ဆလင်ရွာမှ လူငယ်ခုနစ်ဦးသည် ငါးသွားရှာကြစဉ် အသက် ၁၈ နှစ်အရွယ် ဒေသခံမွတ်ဆလင်လူငယ်တစ်ဦး မိုင်းနင်းမိပြီး ဘယ်ဖက်ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ရသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးပါ ကွယ်သွားခဲ့ရသည်
ထို့အပြင် မောင်တောမြို့နယ်၊ ရွှေဇားဂုံးနားမွတ်ဆလင်ရွာမှ အသက် ၂၂ နှစ်အရွယ် ကိုဖေရုစ်ခါန်သည် ဖေဖော်ဝါရီလ ၁ဝ ရက်က စစ်ကျန်ဗုံးသီးတစ်လုံးအား ထုကစားစဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခဲ့သည်။
အာရက္ခတပ်တော် (AA)သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် စစ်ကောင်စီလက်ထဲမှ မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ပြီးနောက် ဒေသခံများ နေရပ်ပြန်နိုင်ရန် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ မိုင်းရှင်းလင်းရေးလုပ်ရာတွင် မောင်တောမြို့အတွင်း စစ်ကောင်စီတပ်၏ နောက်ဆုံးခံတပ်ဖြစ်ခဲ့သော နခခ (၅)အနီး လမ်းမတစ်လျှောက်တွင် မိုင်းအလုံးရေ (၁၀၀) ကျော်ရှင်းလင်းနိုင်ခဲ့ပြီး မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် တိုက်မိုင်း၊ နင်းမိုင်း၊ ရှော့တိုက်မိုင်းအပါအဝင် မြေမြှုပ်မိုင်းအလုံး (၁၀၀၀) ကျော်ကို ဖေဖော်ဝါရီလအတွင်းက ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ - မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားသည့် နွားအား တွေ့ရစဉ်။ (ပေးပို့)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။