နိရဉ္စရာ၊ဇူလိုင်၂၇ / ၂၀၂၅
ဘူးသီးတောင်-မောင်တောကားလမ်းမှာမိုးကြီး၍ရေတိုက်စားမူကြောင့်နေရာအချို့တွင်ပြိုကျမှု ရှိနေ၍ ကုန်တင်ကားကြီးများသွားလာမှုကိုအာရက္ခတပ်တော် (AA)ကယာယီတားမြစ်ထားကြောင်း သိရသည်။
ဒေသခံကုန်သည်တစ်ဦးက"ကုန်ကားကြီးတွေသွားခွင့်ပိတ်ထားပါတယ်။လမ်းတွေထပ်မပြိုအောင်ပိတ်ထားတာပါ။ခုလိုလုပ်တာကောင်းပါတယ်။လမ်းကဒီထက်ပိုပြီးပြိုပျက်သွားမယ်ဆိုရင် ပြန်လည်ပြုပြင်ဖို့အလွန်ခက်ခဲသွားမှာပါ"ဟုပြောကြားသည်။
ဇွန်လနှင့်ဇူလိုင်လအတွင်းရခိုင်တွင်မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်ဘူးသီးတောင်-မောင်တောကားလမ်းတချို့နေရာများတွင် မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီးအချိုနေရာများကိုအချိန်မီမထိန်းသိမ်းနိုင်ပါကလမ်းတစ်ခုလုံးပြိုပျက်သွားနိုင်သည့်အနေအထားတွင်ရှိနေကြောင်းဒေသခံများထံမှသိရသည်။
ဘူးသီးတောင်-မောင်တောကားလမ်းသည် (၁၆) မိုင်သာအရှည်ရှိပြီးဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်ရေးလမ်းကြောင်းတွင်တည်ရှိသဖြင့်ပြည်သူများသွားလာအသုံးပြုမှုများသည့်ကားလမ်းတစ်ခုဖြစ်သည်။
လက်ရှိတွင်ကုန်ကားကြီးများကိုပိတ်ထားသော်လည်းသုံးဘီး၊လိုက်ထရပ်စသည့်ယာဉ်ငယ်များကိုသာသွားလာခွင့်ပြုထားသည်ဟုသိရသည်။
ပုံစာ- ဘူးသီးတောင်-မောင်တောလမ်း၌ပျက်စီးနေသည့်လမ်းပိုင်းများကိုတွေ့ရစဉ်။