Preview

ရခိုင်ပြည်က မြို့နယ် အနည်းဆုံး (၄) မြို့နယ်တွင် ရေကြီးနေ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :863
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၅

ရခိုင်ပြည်နယ်က အနည်းဆုံး မြို့နယ် (၄) မြို့နယ်တွင် ရေကြီးနေပြီး လူပေါင်း ထောင်နှင့် ချီပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု သိရသည်။

လက်ရှိ ရေကြီးနေသည့် မြို့နယ်များမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် သံတွဲတို့ဖြစ်ကြသည်။

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဇူလိုင်လ (၂၇) ရက်နေ့ မြောက်ဦးမြို့ပေါ်ရှိဆင်ချဆိပ်ရပ်ကွက်အပါအဝင် ကျောက်ဆည်ပြင်၊လက္ကာ၊ပေါက်တောပြင်စသည့် ကျေးရွာများတွင်ရေမြုပ်နေသည်ဟုသိရသည်။

လေးမြို့ချောင်းမြစ်ရေလည်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြင်တက်နေပြီးလေးမြို့ချောင်းသို့ စီးဆင်းသည့် ပန်းမြောင်းကြီးချောင်းတလျှောက်ရေကြီးနေကာအနည်းဆုံး ကျေးရွာပေါင်း ၂၀ခန့် ရေမြုပ်နေသည်ဟု သိရသည်။

မင်းပြားမြို့နယ်မှပန်းမြောင်းကြီး ချောင်းတစ်လျှောက် ရေမြုပ်နေသည့် ကျေးရွာများအထဲတွင် လက်ခုတ်၊ မြင်းတင်မ၊ ဒုံးသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ချောင်းတို၊ ကပ္ပဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင်၊ ဒုံကြီး တို့ပါဝင်သည်။


blob

၎င်းကျေးရွာများမှ လူပေါင်း ထောင်နှင့်ချီပြီး ဘေးလွှတ်ရာကို ရွှေ့ပြောင်းထားရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသအတွင်းက လူမှုရေးလုပ်နေသူ တစ်ဦးက ပြောသည်။

“လောလောဆယ်က ရွာတိုင်းလိုလို ဒုက္ခရောက်နေကြတာပါ။ အဓိက  အစားအသောက်၊ ရေသန့်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေတက်နေရင်လည်း နေထိုင်ဖို့ အခက်အခဲဖြစ်နေတယ်။ ရေကျရင်လည်း သောက်ရေမသန့်ရင် လူတွေ ဝမ်းရောဂါ၊ အဖျားတွေရနိင်ပါတယ်”ဟု ပြောသည်။

ကျောက်တော်မြိုပေါ်တွင်ကုလားတန်မြစ်ရေ မြင့်တက်ပြီးရေတက်နေသဖြင့်  သားငါးစျေးကို ရေမြုပ်နေကာ စျေးဆိုင်များ၊ ဂိုဒေါင်များမှ ပစ္စည်းများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။

ရခိုင်ပြည်၊ သံတွဲမြို့တွင် ရေပြန်ကျနေပြီဖြစ်သော်လည်း မြေနိမ့်ပိုင်းကရွှေ့ပြောင်းထားသည့် မိသားစုများ အိမ်မပြန်နိုင်ကြသေးဟု ဒေသခံများကပြောသည်။

သံတွဲဒေသခံ ကိုနိုင်ဝင်းက “စိုးရိမ်ရေမှတ်အောက်တော့တဖြည်းဖြည်း ကျသွားပြီ ဆိုပေမယ့် မိုးကတော့ အဆက်မပြတ်ရွာနေဆဲပဲ။ ဒါကြောင့်ပြောလို့တော့ မရသေးဘူး။ ပြန်တက်ရင်လည်း တက်လာနိုင်တယ်။ တချို့ဒေသခံတွေကတော့အိမ်မပြန်ကြသေးဘူး။ စောင့်ကြည့် နေကြတုန်းပဲ”ဟု ပြောသည်။

blob

မိုးကြီးကာရေနစ်မြုပ်ခဲ့သည့်အတွက် မြေနိမ့်ပိုင်းဖြစ်သည့် ဒွါရာ၀တီမြို့သစ် ၊သံတွဲမြို့ နံတော်ပြင်ပိုင်း၊ နတ်ပြင်ကျေးရွာ၊ ခြံပြင် ကျေးရွာ၊ လက်ပံစု၊မဲကျွန်း တို့မှဒေသခံတချို့ကိုကုန်းမြင့်ရာနေရာများကိုရွှေ့ပြောင်းခဲ့ရသည်ဟု သူက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှစတင်ပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းရေ စိုးရိမ်ရေအမှတ်အထိမြင့်တက်ခဲ့သည်ဟုသိရသည်။(Source and Photo: APM)

#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.