Preview

ရန်ကုန်တွင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပမည်

မောင်စာဂ | သြဂုတ် ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :1880
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ သြဂုတ် ၂ /၂၀၂၅

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဖြစ်သော ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတစ်ခုကို ရန်ကုန်မြို့တွင်ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါစာတမ်းဖတ်ပွဲကိုရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)က ဦးဆောင်ပြီး လာမည့် စက်တင်ဘာလ ၇ ရက်တွင် ရန်ကုန်မြို့၊ဗိုလ်ကလေးစျေးလမ်းရှိ YWCA ခန်းမတွင် ကျင်းပသွားမည်ဟုကျင်းပရေးကော်မတီအဖွဲ့ဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဒီစာတမ်းဖတ်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်က ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးမီးရှူးတန်ဆောင်ဆရာတော်တစ်ပါးဖြစ်သလို စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ဒါ့ကြောင့်ဆရာတော်ကို ဂုဏ်ပြုသောအားဖြင့် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတစ်ခုပြုလုပ်ပြီး ဂုဏ်ပြုရတာဖြစ်ပါတယ်"ဟု ပြောသည်။

အဆိုပါစာတမ်းဖတ်ပွဲအတွက်သုတေသနစာတမ်းများကိုဇွန်လမှစတင်ကာ ဇူလိုင်လ ၁၅ ရက်အထိဖိတ်ခေါ်ခဲ့ရာ စာတမ်းသုံးစောင်ပေးပို့လာကြပြီး ယင်းသုံးစောင်စလုံးကို ဖတ်ကြားသွားမည်ဟု သိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့သည် (၈၆) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ဖြစ်ပြီး ယင်းနေ့မတိုင်မီ စာတန်းဖတ်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ ရူပရပ်ကွက်၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ငယ်နာမည် ပေါ်ထွန်းအောင်ဖြစ်ပြီး (၁၆) နှစ်သားအရွယ်တွင် ရှင်သာမဏေ ဝတ်ကာ ရှင်ဥတ္တမဟု ဘွဲ့အမည်တွင်ခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် အင်္ဂလိပ်ကိုလိုနီလက်ထက်က မြန်မာပြည်လွတ်လပ်ရေးအသိရှိလာအောင် လွတ်လပ်ရေးမျိုးစေ့ကိုချပေးခဲ့သူဖြစ်သည်။

အမျိုးသားနိုင်ငံရေး စည်းရုံး ဟောပြောမှုများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်းအကြိမ်ကြိမ်အထုတ်ခံခဲ့ရပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဝံသာနုရက္ခိတတရား ဟောပြောနေစဉ် အဖမ်းခံခဲ့ရသည်။

ဆရာတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးဟောပြော၍ ပထမဆုံး အပြစ်ပေးခံရသည့် နိုင်ငံရေးအကျဥ်းသား ရဟန်းတော်တစ်ပါးဖြစ်သည်။

အကြိမ်အကြိမ် ဖမ်းဆီးခံခဲ့ရသော်လည်းမြန်မာပြည်လွတ်လပ်ရေးအတွက် ဝံသာနု ရက္ခိတတရားများကို လှည့်လည်ဟောပြောခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်ဖြစ်သည်။

ဆရာတော်သည် ကမ္ဘာအရပ်ရပ်ရှိနိုင်ငံပေါင်း ၃ဝ ခန့်သို့ လှည့်လည်ရောက်ရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ်၊အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သက္ကဋ၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့်ဘင်္ဂလီစသော ဘာသာစကား (၁ဝ) မျိုးခန့်ကို ကျွမ်းကျင်စွာပြောဆိုတတ်သည့်ပုဂ္ဂိုလ်ဖြစ်သည်။

၁၉၂ဝ ပြည့်နှစ်တွင်ကာလကတ္တားမြို့ရှိ၊ အမျိုးသားတက္ကသိုလ်တွင် အဘိဓမ္မာပါမောက္ခ၊ ၁၉၃၅ ခုနှစ်တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗအသင်းဥက္ကဋ္ဌ၊ ၁၉ဝရ-၁၉ဝ၈ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျို ဗုဒ္ဓတက္ကသိုလ်၏ အဘိဓမ္မာပါမောက္ခ စသောအထင်ကရတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ဆရာတော် ဦးဥတ္တမသည် လုံးချင်းစာအုပ် ၁၄ အုပ်ကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။

ဆရာတော်သည် လောကီ၊ လောကုတ္တရာနှစ်ဖြာကောင်းကျိုးကိုသယ်ပိုး ဆောင်ရွက်ရင်း ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကိုဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာအောက်မေ့ဖွယ်အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။

ဓာတ်ပုံ - စစ်တွေရှိ ဆရာတော်ဦးဥတ္တမပန်းခြံ။ (ပုံဟောင်း)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.