Preview

နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘင်္ဂလာဒေ့ရှ် ငါးဖမ်းလှေများ ရခိုင်ရေပြင်ပိုက်နက်ထဲ ကျူးကျော်ပြီးငါးခိုးဖမ်းမှုပိုများလာ

သဉ္ဇာနွယ် | သြဂုတ် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :524
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် /၂၀၂၅

 

နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘင်္ဂလာဒေ့ရှ် ငါးဖမ်းလှေများ ရခိုင်ရေပြင်ပိုက်နက်ထဲ ကျူးကျော်ပြီး ငါးခိုးဖမ်းမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုများလာသည်ဟု သတင်းရရှိသည်။

 

ယခင်က ရခိုင်ရေပြင်ထဲ ငါးခိုးဝင်ဖမ်းသူ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမာများအား အာရက္ခတပ်တော်က ဖမ်းဆီးပြီး ဘင်္ဂလာအာဏာပိုင်များကို ကောင်းမွန်စွာ ပြန်လွှဲပြောင်းပေးလိုက်သည့် အပေါ် အခွင့်ကောင်းယူပြီး ပိုပြီးငါးဝင်ခိုးဖမ်းမှုကို ပိုမို ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

 

မောင်တောဒေသခံငါးဖမ်းသမားတစ်ဦးဖြစ်သူဦးကျော်လှက  " ဇူလိုင် ၃၁နဲ့ မနေ့က ဩဂုတ် ၁ ရက်နေ့တွေကဆိုရင် အစီး ၅၀ ၊ ၆၀ လောက်ရှိတယ်ရခိုင်ရေပြင်ထဲ ငါးလာဖမ်းနေတာ။  အေအေကဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြဿနာ မတက်ချင်လို့ ငါးဖမ်းသမားတွေကို ဖမ်းပြီးရင် ပြန်လွှတ်ပေးတယ်။  အဲဒါကိုသိတော့ အခုပိုဆိုးနေတာ။ AA ကို ဂရုမစိုက်တဲ့သဘောဖြစ်လာတယ်" ဟု ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေ ထူထပ်ပြီး ရေလုပ်ငန်းဖြင့် အသက်မွေးသူများပြားကာ သူတို့နိုင်ငံပိုင် ရေပြင်မှာ ကျဉ်းပြီး ငါးဖမ်းသူကများနေသဖြင့် အနီးအနားရှိ ငါးအလွန်ပေါများသော ရခိုင်ရေပြင်ထဲကို မကြာခဏ ဝင်ရောက် ငါးခိုးဖမ်းကြသည်ဟု သိရသည်။

 

မောင်တောဒေသခံအမျိုးသားတစ်ဦးကလည်း" ဘုတ်တွေကိုအေအေကဖမ်းတဲ့နေ့တွေရှိတယ်။ ဒါပေမယ့် ပြန်လွတ်‌ပေးတယ်။  ရေပိုင်နက်ထဲ ဝင်လာကိုတွေ့ရင်တောင် ကမ်းခြေစောင့်တပ်က လှမ်းတား‌တာတွေရှိပေမယ့် ခိုးဝင်နေဆဲပါဘဲ" ဟု နိရဉ္စရာကိုပြောသည်။

blob

 










ဘင်္ဂလားဒေ့်ရှ် အာဏာပိုင်များအနေဖြင့်လည်း သူနိုင်ငံ၏ ရေပြင်ပိုင်နက်ကိုကျော်လွန်ပြီး ရခိုင်ရေပြင်သို့ ကျူးကျော် ဝင်ရောက်ငါးခိုးဖမ်းခြင်းကို တားမြစ်သင့်သည်ဟု အမည်မဖော်လိုသူ မောင်တော အမတ်ဟောင်းတစ်ဦးက ပြောသည်။

 

အခုလို ရခိုင်ရေပြင်ထဲ ငါးဝင်ခိုးဖမ်းတာကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေလည်း သိတယ်။ သူတို့ နိုင်ငံက ငါးဖမ်းသမားတွေ ရခိုင်ရေပြင်ထဲကို ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့အတွက် အေအေဆီမှာ အဖမ်းခံရတယ်ဆိုတာကို။ အေအေက ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို သွားပြီး ငါးဖမ်းလှေတွေကို ဖမ်းတာမဟုတ်ဘူး။ ဒါကို ဘင်္ဂလာမီဒီယာတွေမှာ အေအေကို အပုတ်ချ အပြစ်တင်ပြီးရေးနေကြတယ်ဟု ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက မိမိပိုင်နက်ထဲကိုကျူးကျော်ဝင်ရောက်ပြီးငါးခိုးဖမ်းပါက မည်သူ့ကို မဆို ပြတ်ပြတ်သားသား အရေးယူအပြစ်ပေးသင့်သည်ဟု ပြောကြားသည်။

 

" ဖမ်းရင်လည်း ထိရောက်တဲ့ဥပဒေနဲ့အရေးယူတာမျိုးလုပ်သင့်တယ်။အခုလိုမျိုးဖမ်းလိုက်ပြန်လွတ်လိုက်‌ဆိုရင် မဖမ်းတာကမှကောင်းပါတယ်။  လုပ်ရင်ထိထိရောက်ရောက်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ နေ့က ရခိုင်ရေပြင်ပိုက်နက်မောင်တောနတ်မြတ်ဝအတွင်းသို့တရားမဝင် ဝင်ရောက်ငါးခိုးဖမ်းသည့် ငါးဖမ်းစက်လှေကြီး ၃ စီးနှင့်အတူငါးဖမ်းသမား ၂၃ ဦးကို AA ကမ်းခြေစောင့်တပ်ဖွဲ့ကဖမ်းဆီပြီး  ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ထပ်မံပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လက်ရှိတွင်ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များသည် နတ်မြစ်တစ်လျှောက်ရခိုင်ရေပြင်နှင့် မောင်တောမြို့နယ်တောင်ပိုင်းကျောက်ပန္ဒူ၊ အင်းဒင်နှင့် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ဒုံးပိုက်၊ချိန်ခါလီ၊ ကိုးတန်ကောက်စသည့် မယူကျွန်းဆွယ်တောင်ပိုင်းပင်လယ်ကမ်းခြေတစ်လျှောက်တွင် ဝင်ရောက်ကျူးကျော်ကာ ငါးဖမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အာရက္ခတပ်တော်(AA)၏ကမ်းခြေစောင့်တပ်ဖွဲ့မှပြန်လွှတ်ပေးလိုက်သည့် ငါးဖမ်းသမားဦးရေ ၁၀၀ ကျော်ရှိပြီး ဖမ်းဆီးရမိသည့်ငါးဖမ်းပိုက် ၁၀၀ ကျော်အထိရှိနေပြီဖြစ်ကြောင်း သိရသည်

 

ယခင်စစ်ကောင်စီ အုပ်ချုပ်ရေးရှိစဉ်က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများသည် စစ်ကောင်စီ နယ်မြေမှူများအား လာဒ်ငွေပေးကာ မြန်မာနိုင်ငံဘက်ခြမ်း နတ်မြစ်အပါအဝင် ပင်လယ်ရေ ပြင်ပိုင်နက်ထဲတွင် ငါးဖမ်းခွင့်များကို ပြုပေးခဲ့သော်လည်း အေအေလက်ထက် တွင် ထိုအခွင့်အရေးမျိုးကို မရသဖြင့် အေအေ အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။


 

#အေအေ#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.