Preview

ကျောက်တော် ပြိန်းချောင်းရွာ ဓားပြတိုက်လူသတ်မှု သံသယရှိသူကို AA ဖမ်းဆီးစစ်ဆေးနေ

မောင်စာဂ | သြဂုတ် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :798
ရခိုင် သတင်း

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၄ /၂၀၂၅

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ပြိန်းချောင်းရွာတွင် ဓားပြတိုက်ပြီး လူသတ်သွားခဲ့သည့်ဖြစ်စဉ်အား ကျူးလွန်သူဟု သံသယရှိသူတစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီဟု သိရသည်။

သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူမှာ ပြိန်းချောင်းရွာတွင် အိမ်ထောင်ကျနေသည့် ကိုညီညီစိုး (၃၅)နှစ်ဖြစ်သည်။

သူသည် ကုလားတန်မြစ်တစ်ဘက်ကမ်းရှိ ကြာညိုပြင်ကျေးရွာဇာတိဖြစ်ပြီး ပြိန်းချောင်းရွာတွင် ကျပန်းလုပ်ကိုင်စားသောက်နေသူဖြစ်သည်။

သူသည် ဇူလိုင်လ ၃၁ ရက်၊ ညဉ့်အချိန်တွင် ပြိန်းချောင်းရွာသို့ ညအချိန်မတော်ဝင်ရောက်လာစဉ် ရွာထိပ်တွင် ရွာလုံခြုံရေးအတွက် ကင်းစောင့်နေသည့်ရွာသားများကဖမ်းဆီးပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဓားပြတိုက်စဉ် အသတ်ခံလိုက်ရသည့် ဒေါ်ဝင်းနုယဉ်၏ အမျိုးသား ဦးထွန်းလှစိန်ကလည်း ယခုဖြစ်စဉ်ကို ကိုညီညီစိုး ကျူးလွန်သည်မှာ သေချာသလောက်ရှိနေသည်ဟုလည်း နိရဥ္စရာကို သြဂုတ်လ ၃ ရက်၊ နံနက်က ပြောသည်။

"ကျနော်ကတော့ အမှန်တကယ် သူ သတ်ပစ်တာလို့ ယူဆပါတယ်"ဟု ပြောသည်။

ယခုဖမ်းဆီးခံထားရသူ ကိုညီညီစိုးသည် ဒေါ်ဝင်းနုယဉ်၏ အမျိုးသား ဦးထွန်းလှစိန်တစ်ဦးတည်းအိပ်နေသည့် နွားခြံသို့ ယခင်က တစ်ကြိမ်တစ်ခါမှလာရောက်ခဲ့ခြင်းမရှိခဲ့ဖူးသော်လည်း အဆိုပါဓားပြတိုက်၊ လူသတ်မှုဖြစ်စဉ်မဖြစ်မီ လေးရက်ခန့်က နွားခြံသို့ ညအချိန်မတော်ဝင်ရောက်လာပြီး အတူအိပ်ရန်လာသည်ဟုဆိုခဲ့ကြောင်း ဦးထွန်းလှစိန်က ပြောသည်။

သူ့တွင် အရက်လည်းပါလာပြီး ဦးထွန်းလှစိန်ကို အဓမ္မအရက်တိုက်ခဲ့သော်လည်း ဦးထွန်းလှစိန်က မသောက်ဟုငြင်းဆိုခဲ့သည့်အတွက် သူတစ်ဦးတည်းသောက်ကာ အိပ်ပျော်သွားခဲ့သည်ဟု သိရသည်။

တစ်ကြိမ်တစ်ခါမျှလာရောက်ဖူးခြင်းမရှိဘဲ ယခုမှ ထူးထူးခြားခြားလာသည်မှာ ထူးဆန်းသည်ဟု ဦးထွန်းလှစိန်က သံသယဖြစ်ပြီး ကြောက်စိတ်ဝင်လာသည့်အတွက် ညမအိပ်ဘဲနေခဲ့ရသည်ဟု ပြောသည်။

နောက်နေ့မနက်မိုးလင်းမှ ကိုညီညီစိုး ထွက်ခွာသွားခဲ့သည်ဟု ပြောသည်။

အကယ်၍ ယင်းနေ့ညက ဦးထွန်းလှစိန်အရက်သောက်ဖြစ်ပြီး အရက်မူးသွားပါက လူကို တိုက်ခိုက်နိုင်သလို နွားကိုလည်း ခိုးယူသွားနိုင်သည်ဟု ဦးထွန်းလှစိန်က နိရဥ္စရာကို ပြောပြသည်။

"သူအိပ်ခဲ့ပြီးတဲ့နောက် လေးရက်မြောက်လောက်မှာ အခင်းဖြစ်တာ"ဟု ပြောသည်။

ဓားပြတိုက်ခံရစဉ် အသတ်ခံလိုက်ရသူမှာ ပြိန်းချောင်းကျေးရွာမှ ဒေါ်ဝင်းနုယဉ် (၆၂)နှစ် ဖြစ်သည်။

သူမသည် ဇူလိုင်လ ၂၄ ရက်၊ ညက အိမ်တွင်တစ်ဦးတည်းအိပ်နေစဉ် ဓားပြတိုက်ခံရပြီး အသတ်ခံရခြင်းဖြစ်သည်။

blob
ဓာတ်ပုံ - ဒေါ်ဝင်းနုယဉ်အသတ်ခံရသည့်နေရာကို အမျိုးသားဖြစ်သူ ဦးထွန်းလှစိန် ပြသနေစဉ်။

ဒေါ်ဝင်းနုယဉ်၏ ဘယ်ဘက်နို့အုံတွင် ဓားထိုးဒဏ်ရာတစ်ချက်၊ လည်ပင်းတွင် ဓားထိုးဒဏ်ရာတစ်ချက်နှင့် ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သားဖြစ်သူ ဦးထွန်းကျော်ဝင်းက နိရဥ္စရာကို ပြောဆိုထားသည်။

ဓားပြတိုက်ခံရမှုကြောင့် ဒေါ်ဝင်းနုယဉ်တွင်ဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံ၊ ရွှေလက်စွပ်တစ်ကွင်း၊ သေတ္တာထဲတွင် သိမ်းထားသည့် နှစ်ကျပ်သားရှိသည့် ရွှေဆွဲကြိုးတစ်ကုံးနှင့် တစ်ကျပ်သားရှိသည့် ရွှေလက်ကောက်တစ်ကွင်း၊ စုစုပေါင်း ရွှေသုံးကျပ်ကျော်အပါအဝင် ငွေကျပ်သုံးသိန်းခွဲနှင့် ဖုန်းတစ်လုံးတို့ ပါသွားခဲ့သည်ဟု သိရသည်။

ယခု သံသယဖြင့်ဖမ်းဆီးခံထားရသူ ကိုညီညီစိုးသည် ဒေါ်ဝင်းနုယဉ် အသတ်ခံရသည့်ညက ရွာမှကာလသားတစ်ဦးအား အရက်ဝယ်ခိုင်းရာ သူ၏လွယ်အိတ်ငယ်တွင် ဓားမြောင်တစ်လက်ပါလာသည်ကို ထိုကာလသားက မြင်တွေ့လိုက်ရသည်ဟု ရွာသားများက ပြောသည်။

အရက်ဝယ်ပေးပြီးနောက် အနည်းငယ်ကြာသော် သူနှင့် ထိုကာလသားအုပ်စုတို့ ရွာထဲတွင်ထပ်တွေ့ရာ၌လည်း သူ၏လွယ်အိတ်တွင် ပိုက်ဆံအများအပြားကို မြင်တွေ့ခဲ့ရသည်ဟုလည်း သိရသည်။

သူသည် အဆိုပါပြိန်းချောင်းရွာတွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် AA ထံတွင် ထောင်ဒဏ် လေးနှစ်ကျော် ချမှတ်ခံခဲ့ရပြီးနောက် လွတ်မြောက်လာသူဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် သူသည် ပြီးခဲ့သည့်နွေရာသီက ပြိန်းချောင်းရွာရှိ ဆွေမျိုးတော်စပ်သူ၏နွားတစ်ကောင်အားခိုးယူမှုဖြစ်ခဲ့သေးသည်ဟု သိရသည်။

ထိုနွားအား သားသတ်သည့်နေရာသို့သွားရောက်ရောင်းချခဲ့သော်လည်း ထောက်ခံချက်မပါ၍ မည်သူမျှ ဝယ်ယူခဲ့ခြင်းမရှိ၍ နောက်ပိုင်းတွင် ထိုနွားအား ပြန်လွှတ်ပေးခဲ့ရသည်ဟု ရွာသားများက ပြောသည်။

သူ၏မှတ်တမ်းများကိုကြည့်ခြင်းအားဖြင့် သူသည် ယခုအမှုအားကျူးလွန်သူဖြစ်နိုင်သည်ဟုလည်း ရွာသားအများစုက ကောက်ချက်ချနေကြသည်။

ပြိန်းချောင်းရွာသားတစ်ဦးက "တစ်ရွာလုံးကလည်း သူ့ကို အားလုံး သံသယဖြစ်တယ်။ သူ့နောက်ကြောင်းကိုကြောက်တဲ့အတွက် ပွင့်ပွင့်လင်းလင်း တစ်ယောက်မှ မပြောရဲကြတာ"ဟု ပြောသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဦးထွန်းလှစိန်ထံလာရောက်ပြီး ဓာတ်ပုံရိုက်ယူလာသည့် နားကပ်တစ်ရံကို အဆိုပါနားကပ်မှာ ဒေါ်ဝင်းနုယဉ်၏ နားကပ်ဟုတ်/မဟုတ် မကြာသေးမီရက်ပိုင်းက လာရောက်ပြသမေးမြန်းခဲ့သည်ဟု ပြောသည်။

"ဖုန်းမှာရိုက်ပြီးတော့ ပြလာပါတယ်။ ဒါ မှန်လားဆိုပြီးတော့။ ကျနော်ကတော့ မိန်းမဝတ်တဲ့နားကပ်ကိုတော့ မသိဘူး။ ကျနော့်ချွေးမကတော့ ဒါ ဟုတ်တယ်ဆိုပြီးတော့ ပြောပါတယ်။ ပစ္စည်းကိုတော့ အထည်ဖျက်ထားပြီ။ နားကပ်က ကျောက်တွေကို ထုတ်ထားတယ်"ဟု ပြောသည်။

ကျန်သည့်လက်ဝတ်လက်စားများကို ပြသခြင်းမရှိသေးဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့်အဆက်အသွယ်ရရန် နိရဥ္စရာက ကြိုးစားနေဆဲဖြစ်သည်။

ဦးထွန်းလှစိန်က ယခုသံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုညီညီစိုးသာ အမှန်တကယ်ကျူးလွန်ခဲ့လျှင် သေဒဏ်ချမှတ်ပေးစေလိုသည်ဟု နိရဥ္စရာကို ပြောသည်။

"ကျနော်လိုချင်တာကတော့ သေစားစေသေ လိုချင်ပါတယ်။ ကျနော့်အိမ်က အဖွားကြီးသေတော့ သူ့ကိုလည်း ကျနော်ကတော့ သေဒဏ်လိုချင်ပါတယ်"ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်းတို့ကိုပိတ်ဆို့ထားမှု၊ စစ်ရေးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်မှု၊ စားဝတ်နေရေး ကျပ်တည်းမှုတို့ကြောင့် ယခုကဲ့သို့ ဓားပြမှုနှင့် ခိုးဆိုးလုယက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းကလည်း ကျောက်တော်မြို့နယ်အတွင်း စစ်တွေ-ရန်ကုန်ကားလမ်းမဘေးရှိ ကွမ်းအုံချောင်းရွာမှ နေအိမ်တစ်အိမ်သည် ဓားပြတိုက်ခံရ၍ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေသားအချို့ ပါသွားသည်ဟု ရွာသားများက ပြောသည်။

ဓာတ်ပုံ - ပြိန်းချောင်းကျေးရွာမှ ဓားပြတိုက်စဉ် အသတ်ခံလိုက်ရသည့် ဒေါ်ဝင်းနုယဉ်၏ နေအိမ်နှင့် ဒေါ်ဝင်းနုယဉ်အသတ်ခံရသည့်နေရာတို့ကို သူ၏အမျိုးသားဖြစ်သူ ဦးထွန်းလှစိန်က နိရဥ္စရာကို ရှင်းပြနေစဉ်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.