ခိုင်ဝံသ(လေးမြို့မြီ)- နိရဉ္စရာ၊ သြဂုတ် ၄/ ၂၀၂၅
မအီမြို့ ရဲစခန်းဟောင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဩဂုတ် ၄ ရက် နေ့လယ်တွင် လေကြောင်းကနေ (၂)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များနှင့်ပါ ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။
"နေ့လယ်ပိုင်းမှာ လာပြီးဂျက်ဖိုက်တာနဲ့ ဗုံးချတဲ့အပြင် စက်သေနတ်နဲ့ပါပစ်တာ။ အဓိက အဆောင်တွေတော့ နည်းနည်းထိတယ်။ လူမနေတဲ့အတွက် အသေအပျောက်မရှိဘူး။ အန္တရာယ်ကင်းရှင်းပါတယ်"ဟု ULA နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် ရုတ်တရက်လာရောက်ဗုံးကြဲခဲ့ပြီးနောက် ဒေသခံများလည်း ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရပြီး အရပ်သားအချို့ ပြေးရင်းလွှားရင်း အထိအခိုက်အချို့ရှိခဲ့သည်ဟု မအီ ဒေသခံတစ်ဦးက လည်းပြောဆိုသည်။
အကြမ်ဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့် မအီရဲစခန်းဟောင်းကို နေ့လယ် ၁ နာရီ ၁၉ မိနစ်အချိန်တွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ၂၃ မိနစ်အချိန်တွင်တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“နှစ်ကြိမ်တိုင်တိုင် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ပီးရင် ရဲစခန်းထဲနဲ့အနီးအနားဧရိယာပတ် ဝန်းကျင်ကို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်။”
ယခုလို စစ်ကောင်စီမှ လေကြောင်းကနေတိုက်ခိုက်လာသောကြောင့် ရာနှင့်ချီရှိသည့်မအီဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးကြရသည်ဟု ဆိုသည်။
"နေ့လယ်ဆိုတော့ မထင်မှတ်ဘူးလေ။ အိပ်လူက အိပ်နေတယ်။ လေယာဉ်ကနေ ပထမတစ်လုံးပစ်တော့ ကျပြီးပေါက်ကွဲတယ်။ အကုန်ဘေးလွတ်ရာကိုပြေးကြတယ်။ လန့်သွားတာပေါ့။ အဲဒီလိုပြေးရင်း လဲပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေရှိပါတယ်"ဟု ပြောသည်။
တောင်ကုတ်မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်၊မအီမြို့မ ရဲစခန်းဟောင်းကို လေကြောင်းကနေလာရောက်ပစ်ခတ်ခဲ့ခြင်းမှာ ၃ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း ငပလီမြို့ဂျိတ္တောကို နေဗီကနေလက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သဖြင့် လူနေအိမ်များပျက်စီးခဲ့ကာ ဒေသခံများ ထွက်ပြေးနေကြရသည်ဟု သိရသည်။ (Photo: RFA)