Preview

အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်အနီးတိုက်ပွဲတွင်စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သားအချို့ဒဏ်ရာရရှိသွားသဖြင့်ကားပေါ်ဆွဲတင်ကာနောက်ဆုတ်သွား

သဉ္ဇာနွယ် | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :3788
ရခိုင် သတင်း

(ရခိုင်-ပဲခူးတိုင်းအစပ်ညောင်ကျိုးအနီးတွင်လည်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ)

နိရ‌ဉ္စရာ၊ ဩဂုတ် ၅/၂၀၂၅

ရခိုင်နှင့်မကွေးအစပ်အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင်ကြောအောက်ရှိ အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင်စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စစ်သားအချို့ ဒဏ်ရာရသွားသဖြင့် ဒဏ်ရာရသူများကို ကားပေါ်တင်ပြီး နောက်ဆုတ်သွားသည်ဟု သတင်းရရှိသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက  " ပထမကတော့ စစ်ကောင်စီတပ်ကစစ်ကြောင်းကအရင်ထိုးပြီး AA ကိုတိုက်တာ။ AA ဖက်ကစစ်ကြောင်းပြန်ထိုးပြီး ပြန်တိုက်တော့ မခံနိုင်ကြဘဲ သေတဲ့သူများဒဏ်ရာရသူတွေများပြီး နောက်ဆုတ် ထွက်ပြေးသွားရတယ်။  ဟိုတစ်နေ့ဖြစ်တာ။အဲ့ဒီဒဏ်ရာရတဲ့အထဲမှာ ဗိုလ်မှူးအဆင့်ရှိတဲ့အကောင်ကြီးကြီးပါတယ်။ဒဏ်ရာတော်အတော်ပြင်းပုံရတယ်။သူတို့ကိုကားလမ်းမအထိ ဆွဲထုတ်ပြီး ကား(၂)စီးနဲ့တင်သွားတယ် "ဟု နိရဉ္စရာ ကိုပြောသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ် ၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နတ်ရေကန်တောင်ကြောကို ပြန်လည်ရရှိရေးအတွက်တပ်မ(၉၉)ဦးဆောင်ပြီး ပြည်သူ့စစ်အင်အားအများအပြားဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရသွားသည့်ဗိုလ်မှူးအပါအဝင်စစ်သားများကိုအတင်းဆွဲထုတ်ပြီး ကားပေါ်တင်ကာပဒါန်းဖက်သို့ ချက်ချင်းဆုတ်ခွာထွက်ပြေးသွားသည်ဟု ပဒါန်းဒေသခံ သတင်းရင်းမြစ်တစ်ဦးကလည်း နိရဉ္စရာ ကိုပြောသည်။

" ဆုတ်ခွာထွက်ပြေးတဲ့ ကားတွေလည်း လက်နက်ကြီးနဲ့ ပစ်ခံရသေးတယ်။  နည်းနည်းလျှပ်ထိသွားတဲ့အနေအထားတော့ရှိတယ်။ ဒါပေမယ့် ထိခိုက်မှုအခြေအနေတော့မသိရဘူး။ဒဏ်ရာရာစစ်သားတွေကို ပဒါန်းဆေးရုံကိုပို့ဆောင်ထားပြီး ဆေးကုသမှုပေးနေတယ်လို့တော့ကြားတယ်" ဟု ပြောသည်။

ယင်းအပြင်ပြင်းထန်ဒဏ်ရာရ ဗိုလ်မှူးအဆင့်ရှိသူလည်း သေ‌ဆုံးသွားသည့်သတင်းလည်းထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

နတ်ရေကန်တောင်‌အောက်တိုက်ပွဲတွင်  စစ်ကောင်စီဖက်မှ အကျအ‌ဆုံးများပြီးနောက်ဆုတ်လာရပြီးနောက်ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းကမကွေးမြို့ဖက်မှ ပဒါန်း၊ဆုံကုန်း အမြောက်တပ်နှင့် ငဖဲအပိုင်  စစ်လက်နက်ထုတ်လုပ်စက်ရုံ ကပစ(၁၄)သို့  စစ်သားအများအပြားဖြင့် စစ်ကားအစီး(၂၀)ခန့် ဝင်ရောက်သွားသည်ဟု ၎င်းပဒါန်းဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများသည် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ လှုပ်ရှား နေသည့် ရခိုင်-ပဲခူးအစပ်နှင့်  ရခိုင်-မကွေးအစပ် နေရာ ၂ ခုတွင် ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသအတွင်းမှ စစ်ရေးရင်းမြစ်များက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။  

ရခိုင်နှင့်မကွေးအစပ်  ရှိ (AA)နှင့်ဖြစ်ပွားနေသည့် ရိုးပေါ်တိုက်ပွဲ၌ စစ်ကောင်စီဖက်မှအကျအဆုံးများပြီးနောက် မကွေးဖက်မှ အင်အားထောင်နှင့်ချီပြီးဖြည့်တင်း‌နေကြောင်း သတင်းရရှိသည်။

" ရခိုင်-မကွေးနယ်ခြားလို့ ပြောရမှာပေါ့။နတ်ရေကန်တောင်ကြောအောက်ဖက်တွေမှာ စစ်ကောင်စီဖက်က စစ်ကြောင်းမကြာကြာထိုးလို့ တိုက်ပွဲ (၃)ရက်ဖြစ်ခဲ့တယ်။ အကျအဆုံးလည်းတအားများတယ်။ အဲ့ဒီနောက် ဒီနေ့ မကွေးကကားအစီး(၂၀)တောင် ပဒါန်းနဲ့ ကပစကို ခွဲလို့ဖြည့်တယ်" ဟု ပြောသည်။

စစ်ကားများတွင်ပြည်သူ့စစ်အင်အားများအပါအဝင် ဒရုန်းမျိုးစုံ၊ ဂျန်မာအထိုင်စက်များလက်နက်ခဲယမ်းများလည်းပါဝင်ကာ ရိုးပေါ်ရှိ  အာရက္ခတပ်တော် (AA) သိမ်းထားသည့်နေရာများကို   ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်ဟုသိရသည်။

အလားတူရခိုင်-ပဲခူးတိုင်းအစပ်ရှိ   AAမှ (၄)လကြာခန့်သိမ်းထားသည့်ညောင်ကျိုးဧရိယာအနီးတဝိုက်အထိ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာ၍  (AA)နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ပြန်လည် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၎င်းက ပြောသည်။

" ဩဂုတ်၃ ရက် ညနေ ၄နာရီဝန်းကျင်ကနေဖြစ်နေတာည၅နာရီနီးပါးအထိဖြစ်တုန်း။ ညောင်ကျိုးစခန်းနဲ့တော့နည်းနည်း ဝေးတယ်။ ဒါ ပေမဲ့ညောင်ကျိုးဧရိယာထဲမှာပါတယ်။ စစ်ကောင်စီဖက်က  ကားလမ်းဖက်ကတက်လာတာ။  ညောင်ကျိုးနဲ့ညောင်ခြေထောက်ကြားပေါ့ဖြစ်တာက။ နှစ်ဖက်တိုက်ပွဲပြင်းတယ်" ဟု ပြောသည်။

အာရက္ခတပ်တော် (AA)သိမ်းထားသည့်  ပန်းတောင်း- တောင်ကုတ်ကားလမ်းပေါ်က  ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းဧရိယာအနီးအနားတစ်ဝိုက်ကို ဥသျှစ်ပင်နှင့် ညောင်ခြေထောက် (ကပစ-၆)ဖက်မှ စစ်ကူပို့ထားသည့်စစ်ကောင်စီစစ် ကြောင်း တချို့စစ်ကြောင်းထိုးလာသဖြင့် ဩဂုတ် ၃ ရက် ညနေ၅နာရီထိ  တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဒရုန်း၊ပါရာမိုတာစက်တပ်လေထီးများဖြင့်ပစ်ကူပေးပြီး (AA)သိမ်းထားသည့် နေရာများအထိ  စစ်ကြောင်းထိုးတက်လာသဖြင့်ထိတွေ့တိုက်ပွဲပြင်းနေပြီး အကျအဆုံးလည်းရှိနေသည်ဟု  မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" အမြဲလိုလို ဒရုန်းနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တယ် ညောင်ခြေထောက်ဖက်က နေ။ ဒီနေ့တော့ ကားလမ်းအတိုင်းတက်လာလို့  တိုက်ရိုက်ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဒရုန်းတွေနဲ့ပစ်တယ်။ စက်တပ်လေထီးတွေနဲ့ပစ်ကူပြီးတက်လာတာ။နှစ်ဦးနှစ်ဖက်တော့ အထိအခိုက်ရှိတယ်" ဟု ပြောသည်။

ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား ၂၀၂၅  ဧပြီလ (၂)  ရက်နေ့တွင်အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) မှ  သတင်းထုတ်ပြန်ထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.