Preview

ရခိုင်တွင် တိုင်းရင်းဆေးများလည်း ပြတ်လပ်နေ

စောရှင်မေ | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :469
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၅/ ၂၀၂၅

ရခိုင်ပြည်တွင် နိုင်ငံခြားဖြစ်ဆေးဝါးများနည်းတူ တိုင်းရင်းဆေးများလည်း ပြတ်လပ်နေသည်ဟု ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

လက်ရှိ မိုးရာသီကာလတွင် ဆေးဝါးများတင်ပို့သည့် လမ်းခရီးများ ပိုမိုကြမ်းတမ်းလာခြင်းနှင့် လမ်းပျက်စီးမှုတို့ကြောင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရသည့်အတွက် ပစ္စည်းများ ပြတ်လပ်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

"လမ်းလည်း ကြမ်းတယ်။ ပြီးရင် ရာသီဥတုကြောင့် လမ်းတွေပျက်စီးပြီး ပိုင်းပြတ်နေတာတွေရှိတယ်။ လာလို့မရဘူး။ တစ်လလို့ သွားတာ။ နှစ်လကြာတယ်။ ဒါကြောင့် မပြတ်တဲ့ဆေးတွေကတော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါတိုင်းရင်းဆေးများကို ပြည်မဘက်မှ အဓိက မှာယူနေရခြင်းဖြစ်ပြီး လမ်းခရီးတွင် စစ်ကောင်စီ၏ အစစ်အဆေး အဖမ်းအဆီးများကိုလည်း ခံနေကြရသည်ဟု ကျောက်တော်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

"ဗိန္ဓောဆေး(တိုင်းရင်းဆေး)တွေဆို အစုံပဲပြတ်တာ။ ဆေးပစ္စည်းချရင်လည်း ကိုယ့်အဆက်နဲ့ကိုယ် ချကြတာပေါ့။ တခြားလမ်းကြောင်းတွေက ပိတ်ဆို့မှုတွေရှိတယ်။ ဆေးဆိုရင် စစ်ကောင်စီက လိုက်ဖမ်းတာတွေရှိတယ်။ အဲကြောင့် အလွယ်တကူလည်း ချလို့မရဘူး။ ဆုံးရှုံးသွားရင်လည်း မလွယ်ဘူးလေ။ ဆေးပြတ်တော့ ပြည်သူတွေက လုံလုံလောက်လောက်တော့ မသုံးရဘူးပေါ့" ဟုပြောသည်။

blob
ပွင့်လင်းရာသီတွင် အဆိုပါဆေးဝါးများသယ်ယူပါက ရက်သတ္တပတ် တစ်ပတ်မှ ရက် ၂၀ ခန့်သာကြာမြင့်တတ်ကြောင်း သိရသည်။

သို့သော် လက်ရှိ မိုးရာသီတွင် ဆေးဝါးများသယ်ယူရာ၌ သုံးလကျော်အထိ ကြာမြင့်သည့်တိုင်အောင် ဆေးဝါးအစုံအလင် ရောက်ရှိမှုမရှိဘဲ လမ်းခုလတ်တွင် သောင်တင်နေကြောင်း သိရသည်။

ထိုသို့ ဆေးပြတ်လပ်မှုကြောင့် ပြည်သူတို့အနေဖြင့် ဆေးဝါးများ လုံလုံလောက်လောက်မသုံးနိုင်သလို ဆေးဝါးများဈေးမြင့်တက်မှုများနှင့် ကြုံတွေ့နေရကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

"ကိုယ်ဆောင်ထားတဲ့ဆေးတွေ မရှိတော့ တခြားဆေးဝါးတွေ ပြောင်းသုံးရတယ်။ တစ်ခါတစ်လေ ရှာတွေ့ရင်လည်း ပိုဝယ်ထားတယ်။ ဆေးကရှားတော့ ဈေးကြီးတာတွေရှိတယ်။ အရင်က ၃၀၀၀ လောက်ပေးရတာကို အခု ၇၀၀၀ လောက်ပေးရတာပေါ့လေ" ဟု ပြောသည်။

ယခင်က ထွန်းရွှေဝါ တစ်ဗူးလျှင် ၂၅၀၀ ကျပ်၊ လက်ရှိ ၂၉၀၀ ကျပ်၊ ယခင်က ဆရာမိုး (ရှောက်တစ်လုံးဝမ်းမှန်) တစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ လက်ရှိ ၄၀၀၀ ကျပ်၊ ယခင်က ဆရာခို တစ်ဗူးလျှင် ၁၅၀၀၊ လက်ရှိ ၂၅၀၀၊ ယခင်က ထက်လင်းတစ်ဗူးလျှင် ၃၀၀၀ ကျပ်၊ လက်ရှိ ၃၅၀၀ ကျပ်၊ မှန်ချို (သလိပ်ပျော်) တစ်ဗူး၂၅၀၀ ကျပ်၊ လက်ရှိ ၃၅၀၀ ကျပ်၊ ယခင်က စကြာမင်းအရိုးကျီးပေါင်းဆေး တစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ လက်ရှိ ၄၅၀၀ ကျပ်၊ ဦးသာရင်လေငန်းဆေးပြား တစ်ဗူးလျှင် ၈၅၀၀ ကျပ်၊ လက်ရှိ ၁၀၀၀၀ ကျပ်၊ လက်ရှိ ရှမ်းရိုးမ (အကိုက်အခဲပျောက်အကြောပြေလိမ်းဆေး) ၃၀၀၀ ကျပ်၊ လက်ရှိ ၄၀၀၀ ကျပ်၊ ယခင်က ကျားမနိုင် (အကြောတက်၊ သွေးတိုး၊ လေးဖက်နာပျောက်ဆေး) တစ်ဗူးလျှင် ၃၀၀၀ ကျပ်၊ လက်ရှိ ၄၀၀၀ ကျပ်၊ ယခင်က လင်ဇီးဒဏ်ကြေလိမ်းဆေး တစ်ဗူးလျှင် ၃၀၀၀ ကျပ်၊ ယခု ၄၀၀၀ ကျပ်၊ ယခင်က အဝေရာအစာကြေဆေးပြား တစ်ဗူးလျှင် ၁၃၀၀ ကျပ်၊ ယခု ၂၂၀၀ ကျပ် အထိ ရှိနေကြောင်း သိရသည်။

ယခုဖော်ပြထားသည့် တိုင်းရင်းဆေးဝါးများ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့် နွေရာသီကာလနှင့် လက်ရှိ ဈေးကွက်ပေါက်ဈေးကို ဖော်ပြထားခြင်းဖြစ်သည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နှင့် ပြည်မဘက်သို့ ဆက်သွယ်သည့် ကုန်းလမ်းနှင့် ရေလမ်းတို့ကို ပိတ်ဆို့ထားသည့်အတွက် ရခိုင်တွင် တိုင်းရင်းဆေးများနှင့်အတူ နိုင်ငံခြားဖြစ်ဆေးဝါးများနှင့် ကုန်ဈေးနှုန်းများ ရှားပါးပြီး ဈေးနှုန်းအဆမတန်မြင့်တက်နေသည်ဟု သိရသည်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#ကျန်းမာရေး#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.