Preview

မြောက်ဦးတွင် စစ်ကျန်လက်ပစ်ဗုံးပေါက်ကွဲ၍  ၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

သဉ္ဇာနွယ် | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :542
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၅/၂၀၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီတွင် ဩဂုတ်၃ ရက်နေ့ ညနေပိုင်းက စစ်ကျန်လက်ပစ်ဗုံးပေါက်ကွဲ၍ ၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ သွားကြောင်း သတင်းရရှိသည်။

သေ‌ဆုံးသူမှာ မြောက်ဦးမြို့နယ်၊  တိန်ညိုကျေးရွာမှ ဦးအကြီးမောင် နှင့်‌ဒေါ်သွယ်သွယ်စိုးတို့၏ သားဖြစ်သူ မောင်မျိုးမြတ်ဖြိုး(၃)နှစ်ဖြစ်သည်။

ဒဏ်ရာရသူများမှာ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ မောင်ကောင်းမြတ်ဦး (၄)နှစ်၊ မောင်ဖြိုးငြိမ်းနိုင်(၁၀)နှစ်၊‌ မောင်ကောင်းမြတ်ထွန်း (၁၁)နှစ်နှင့် မောင်မျိုးဝင်းဦး(၁၂) နှစ်တို့ဖြစ်ကြသည်။

မြောက်ဦးဒေသခံအမျိုးသားတစ်ဦးက " အဲ့ဒီ ကလေးက လူမနေတဲ့အိမ်ထဲကနေ အဲ့ဒီဗုံးသီးကိုတွေ့တာ။ အဲဒီဗုံးသီးကို ယူလာပြီး ပစ်ပေါက်လိုက်တာ။ အဲ့ဒီပစ်ပေါက်လိုက်တော့ ပေါက်ကွဲပြီး သူအပါအဝင် အနီးအနားမှာ ဆော့နေတဲ့ ကလေး ၅ ယောက် ဒဏ်ရာရသွားတာ။ ဆေးရုံကို ယူတော့ ပစ်ပေါက်တဲ့ ကလေးငယ်က ဆေးရုံရောက်တာနဲ့ သေဆုံးသွားပြီး ကျန်တဲ့ အစအနထိသွားတဲ့ ကလေး ၄ ယောက်က ဆေးကုသမှုခံယူနေရတယ်” ဟု​ နိရဉ္စရာသတင်းဌာနကို ပြောသည်။

၎င်းဖြစ်စဉ်မှာ ဝေသာလီရွာတွင် ဩဂုတ် (၃)ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ဒဏ်ရာရသွားသည့်ကလေး ၄ ဦးကို ဆေးကုသမှုပေးထားပြီး အသက်အန္တရာယ် ကင်းကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကျန်တဲ့ကလေးတွေကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားတော့ မရှိတော့ပါဘူး" ဟု ပြောသည်။

သေ‌‌ဆုံးသွားသည့် ကလေးမှာ ဝေသာလီကျေးရွာသို့  တိန်ညိုကျေးရွာမှ မိဘများနှင့်အတူအလည်လာနေခြင်းဖြစ်ပြီး ဒဏ်ရာရသူများမှာ ဝေသာလီကျေးရွာမှ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ယခုနှစ်  ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက သေဆုံးသူ  ၈ ဦးခန့်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် အထိရှိခဲ့ကြောင်း နိရဉ္စရာမှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ရခိုင်ပြည်တွင် စစ်ကျန်လက်နက်များပေါက်ကွဲမှုများ မြင့်တက်လာနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.