အိမ်ကွင်းတွင် ရတနာပုံကို နိုင်ပြီး ရခိုင်ယူနိုက်တက်နိုင်ပွဲဆက်


နီမင်းထွန်း
နိရဥ္စရာ၊ဖေဖော်ဝါရီ ၂ / ၂ဝ၂ဝ

ရခိုင်ယူနိုက်တက်အသင်းသည် ယနေ့ အိမ်ကွင်းဖြစ်သည့် စစ်တွေမြို့၊ ဝေသာလီ အားကစားကွင်းတွင် ရတနာပုံ အသင်းကို တစ်ဂိုး ဂိုးဖြင့် အနိုင်ရရှိပြီး နိုင်ပွဲဆက်ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းသည်  အိမ်ကွင်းတွင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌ ရုပ်ရှင် သရုပ်ဆောင် ဦးနေထက်လင်းက “ အခုလို နိုင်ပွဲနှစ်ပွဲ ဆက်ရသွားတဲ့အတွက် ကျနော်တို့အားကစားသမားတွေကို ဂုဏ်ယူပါတယ်။ လာအားပေးတဲ့ ပရိတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အိမ်ကွင်းပွဲစဉ်တွင်  အားကာ သိပ္ပံအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

၂ဝ၂ဝခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်း ဒုတိယ ပွဲစဉ်အဖြစ် ယနေ့ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရတနာပုံအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ထပ်မံ အနိုင်ရရှိခဲ့သဖြင့်  ယခုလက်ရှိအနေဖြင့် ရခိုင်ယူနိုက်အသင်းသည် အိမ်ကွင်းတွင်နှစ်ပွဲနှင့် အဝေးကွင်းတွင်နှစ်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၄ တွင်ရပ်တည်နေကြောင်းသိရသည်။

လက်ရှိတွင် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ရန်ပုံငွေလိုအပ်မှုနှင့်ပတ်သက်၍ အခက်အခဲ များကို ရင်ဆိုင်နေရပြီး ဇန်နဝါရီလ ၃၁ ရက်နေ့က သေဆုံးသွားသည့် တောင်ပံကစားသမား ကိုဇော်သိန်းဝင်း(၂၃ နှစ်)အတွက်လည်း စိတ်မ ကောင်းဖြစ်နေရသည်ဟု ကိုနေထက်လင်းက ဆက်ပြောခဲ့သည်။

နောက်ထပ် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် ချင်းအသင်း၊ မကွေးအသင်းတို့နှင့်လည်း ဖေဖော်ဝါရီလအတွင်း ဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ၂ဝ၂ဝ ဘောလုံးရာသီတွင် အိမ်ကွင်း ၁၁ ပွဲနှင့် အဝေးကွင်း ၁၁ ပွဲယှဉ်ပြိုင်သွားရမည်ဟုလည်း သိရသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ဖဖျေောဝါရီ ၂ / ၂ဝ၂ဝ








Share: