သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

U25 ရခိုင်အမျိုးသမီးအသင်း မွန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ဖိုင်နယ်သို့တက်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈/၂၀၂၂
တိုင်းဒေသကြီး/ပြည်နယ်မှ အသက် ၂၅ နှစ်အောက် U25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်တွင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရခိုင်အသင်းက မွန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက် နေ့လယ် ၃ နာရီအချိန်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ကျင်းပသည့် ဆီမီးဖိုင်နယ်ပွဲတွင် ရခိုင်အမျိုးသမီးအသင်းက မွန်အသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ မဇင်မာမြင့် (ကျောနံပါတ် ၁၆)၊ မမြတ်မြတ်ဌေး (ကျောနံပါတ် ၁ဝ)နှင့် မနွယ်နွယ်အောင် (ကျောနံပါတ် ၉)တို့က ၁ ဂိုးစီသွင်းကာ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခြင်းဖြစ်သည်။
ရခိုင်အသင်း အဖွဲ့ခေါင်းဆောင်ဒေါ်ခိုင်မြတ်ဌေးက "ဖိုင်နယ်ပွဲမှာလည်း စိတ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။ ရခိုင်သူ၊ ရခိုင်သားတွေအနေနဲ့လည်း ဂုဏ်ပြုခြင်း၊ အားပေးခြင်းမျိုး လုပ်ပေးကြဖို့လည်း ပြောချင်ပါတယ်" ဟု နိရ ဉ္စရာကို ပြောသည်။
ယနေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ရှေ့တန်းမှ မမြတ်မြတ်ဌေး (ကျောနံပါတ် ၁ဝ)က ရရှိခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ် U25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဇန်နဝါရီလ ၇ ရက်မှစတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းသို့ကျင်းပရာ ရခိုင်အသင်းသည် နေပြည်တော်အသင်းနှင့် စစ်ကိုင်းအသင်းတို့ကိုအနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အနေဖြင့် ကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့သည်ဟု သိရသည်။
ကွာတားဖိုင်နယ်တွင် ဧရာဝတီအသင်းကိုအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ ရှုံးပွဲမရှိ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ရှမ်းအသင်းနှင့် ရန်ကုန်အသင်းယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိသည့်အသင်းနှင့် ရခိုင်အသင်းသည် ဖိုင်နယ်ဗိုလ်လုပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ် U25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို နှစ်စဉ် နေပြည်တော်အပါအဝင် တိုုင်းနှင့်ပြည်နယ် ၁၄ ခုမှ အသင်း ၁၅ သင်းယှဉ်ပြိုင်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကယားနှင့် ချင်းအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ဆက်စပ် သတင်းများ