စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တရားရုံးများတွင် သြဂုတ် ၁ ရက်မှစ၍ တရားမမှုများ၌ စေ့စပ်ဖြေရှင်းရေးစနစ်ကို စတင်ကျင့်သုံးမည်ဟု စစ်ကောင်စီကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

နိရ ဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၂
မြန်မာတစ်နိုင်ငံလုံးရှိ တရားရုံးများတွင် လာမည့် သြဂုတ်လ ၁ ရက်နေ့မှစ၍ တရားမမှုများ၌ တရားရုံးကဦးဆောင်ဖြေရှင်းသည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ၄င်းတို့ပိုင်သတင်းစာများတွင် ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါစနစ်ကို လာမည့်သြဂုတ်လ ၁ ရက်မှစ၍ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများတွင် ကျင်သုံးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရားရုံးကဦးဆောင်ဖြေရှင်းသည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုသည်မှာ တရားရုံးသို့ တရားမမှုနှင့်တရားစွဲဆိုလာပါက ပထမဆုံးအနေဖြင့် တရားရုံးရှိ စေ့စပ်ဖြန်ဖြေရေးအဖွဲ့သို့ ဦးစွာသွားရောက်ကာ တရားလို၊ တရားပြိုင်၊ ရှေ့နေများနှင့် တွေ့ဆုံပြီး စေ့စပ်ဖြန်ဖြေရေးအရာရှိက တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ပြေငြိမ်းမှုရှိအောင် ပေးစရာရှိပါက ပေးရန်၊ ရစရာရှိပါက ရရန်၊ ခွဲဝေစရာရှိပါက ခွဲဝေရန် နှစ်ဦးနှစ်ဘက်ပြေလည်မှုရှိရန် တရားရုံးက ဥပဒေအကြောင်းအရ ရှင်းပြဖြန်ဖြေသည့်စနစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါစေ့စပ်ဖြန်ဖြေရေးစနစ်ဖြင့် အဆင်ပြေသွားလျှင် အမှုသည်များတွင် စရိတ်စခနှင့် အချိန်ကုန်သက်သာမည်ဖြစ်၍ အမှုသည်များအတွက် အကျိုးရှိမည်ဖြစ်သော်လည်း စေ့စပ်ဖြန်ဖြေရေးအရာရှိသည် စိတ်ကောင်း၊ စေတနာကောင်းဖြင့် အများအကျိုးကို စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်နိုင်မည့်သူဖြစ်မှသာလျှင် ပိုပြီးအောင်မြင်မှုရှိမည်ဟုလည်း စစ်တွေရှိ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က နိရဥ္စရာကို ပြောသည်။
"အမှုသည်တွေအတွက်လည်း အများကြီးအကျိုးရှိသလို နိုင်ငံအတွက်လည်း ရှိတယ်၊ မလိုလားအပ်ဘဲနဲ့ အမှုတွေ တစ်ရာ၊ နှစ်ရာပေါပြီး မရှိတော့ဘူး။ စေ့စပ်ဖြန်ဖြေရေးအရာရှိကတော့ လူမှုရေးလုပ်လိုတဲ့ စိတ်ရှိရမယ်။ လူသားအကျိုးပြုလုပ်ငန်းကို အများကြီးလုပ်လိုတဲ့စိတ်ရှိရမယ်။ လူတွေအပေါ်မှာ ကိုယ်ချင်းစာတရား၊ မေတ္တာတရားထားပြီးတော့ သည်းခံခွင့်လွှတ်နိုင်တဲ့ စိတ်ထားရှိဖို့လိုမယ်။ လောဘအင်မတန်မှ နည်းတဲ့သူလည်း ဖြစ်ဖို့လိုတယ်။ ဒေါသထိန်းချုပ်နိုင်ဖို့လည်း လိုတယ်" ဟုပြောသည်။
ရခိုင်ပြည်နယ်တရားလွှတ်တော်တွင်လည်း စေ့စပ်ဖြေရှင်းရေးရုံးကို သီးသန့်ပြုလုပ်ထားပြီဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးအစည်းအဝေးခန်းမတွင်လည်း အဆိုပါစနစ်နှင့်ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ပြည်နယ်ဥပဒေဆိုင် ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေများတက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားရေးအရာရှိများကလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တရားရုံးကဦးဆောင်ဖြေရှင်းသည့် စေ့စပ်ဖြေရှင်းရေးစနစ်တွင် ဘဏ်မှစွဲဆိုသော တရားမမှု၊ အစိုးရမှစွဲသော တရားမမှု၊ မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုရာတရားမမှုနှင့် ပဋိဉာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုတို့ မပါဝင်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ