Preview

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အိပ်မက်ဆိုး မက်ခဲ့ရတဲ့ အိမ်ရှင် ကာတာ ..။

နိုဝင်ဘာ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :9774
အားကစား သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၁/ ၂၀၂၂( ကမ္ဘာဖလားအဖွင့်ပွဲသုံးသပ်ချက်/ CWM)

 ၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင် ကာတာရဲ့ အုပ်စုအဖွင့်ပွဲစဉ်ကတော့ မလှမပနဲ့ပြီးဆုံးခဲ့ပြီဖြစ်လို့ ကာတာတွေမက်ခဲ့တဲ့ ကမ္ဘာ့ဖလားအိပ်မက်ကတော့အိပ်မက်ဆိုးကြီးဖြစ်ခဲ့၇ပါပြီ။

ပထမပိုင်းမိနစ် (၃၀) အတွင်း တောင်အမေရိက အီကွေဒေါအသင်းရဲ့ ဦးဆောင် ဂိုး နှစ်ဂိုးအောက်မှာအိမ်ရှင်အသင်းဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့၇ပါတယ်။

ဒီအုပ်စုပွဲမစခင်ကတော့ အိမ်ရှင် ကာတာ နဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အိမ်ရှင်တွေ အဖွင့်ပွဲစဉ် မရှုံးနိမ့်ဖူးတာ၊ ၂၀၁၀တောင်အာဖရိက ကမ္ဘာ့ဖလားတုန်းက တောင်အာဖရိကအသင်း အုပ်စုအဆင့်က မကျော်ခဲ့တာကလွဲရင်ကျန်ပြိုင်ပွဲတွေမှာ အနည်းဆုံး နောက်တစ်ဆင့် တက်ထားဖူးတဲ့ အစဉ်အလာတွေရှိတာမို့ဒီပွဲ ကာတာ မရှုံးလောက်ဘူး၊ အနည်းဆုံး သရေကျနိုင်မယ်လို့ အများသူငါခန့်မှန်းခဲ့ကြတယ

ပြီးတော့ကာတာဟာ ဒီကမ္ဘာ့ဖလားပွဲစဉ်အတွက် လက်ရွေးစင်အသင်းကို (၆)လကြာ သီးခြားစခန်းသွင်းလေ့ကျင့်စေခဲ့ပြီး စနစ်တကျ ပြင်ဆင်ထားတာရယ်၊ ၂၀၁၉ ခုနှစ်ကအာရှဖလားချန်ပီယံ ဖြစ်ဖူးတာရယ်ကြောင့်လည်း ကာတာကို လျှော့မတွက်ရဲခဲ့ကြဘူး။တကယ်ပြန်သုံးသပ်ကြည့်လိုက်တော့လည်းအခု ခြေစစ်ပွဲအောင်လာတဲ့ (၃၂)သင်းမှာ ခြေစစ်ပွဲကစားစရာမလိုဘဲ ကမ္ဘာ့ဖလားအဆင့်အထိဝင်ကစားခွင့်ရတာ ကာတာလိုအသင်းအတွက် မတန်မရာများဖြစ်နေမလား။ ကာတာရဲ့ကမ္ဘာ့ဖလားခရီးစဉ်မှာ ခြေစမ်းပွဲတွေသာ ကစားခဲ့ရပြီး ရလဒ်တွေက ဂိုးမရှိရလဒ်တွေများတာမို့ အသင်းရဲ့ ခြေစွမ်းအမှန်ကို မှန်းဆ၇ခက်နေပြန်တယ်။

ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွေမှာအိမ်ရှင်တွေ ပရိသတ်အားနဲ့ မရှုံးတတ်ဖူးဆိုတဲ့ အတွေးကဘောလုံးပွဲကြည့်ပရိသတ်တွေထဲမှာ ရှိနေခဲ့တယ်။ တကယ်တော့ အိမ်ရှင် ကာတာဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ အဆင့်မမီသေးဘူးဆိုတာ ဒီအုပ်စု အဖွင့်ပွဲစဉ်ကပဲ သက်သေထူသွားခဲ့တယ်။

ခြေစွမ်းအမှန်ကိုမှန်းဆလို့မရတဲ့ ကာတာအသင်းနဲ့ တောင်အမေရိကဇုန်မှာ ဘရာဇီး၊ အာဂျင်တီးနားအသင်းတွေကိုသူတင်ကိုယ် သရေကစားထားတဲ အီကွေဒေါတို့ရဲ့ အဖွင့်ပွဲစဉ်ဟာ ပွဲစပြီးမိနစ်ပိုင်းအတွင်းမှာပဲ အဖြေပေါ်ပါတယ်။ ကာတာဟာ အီကွေဒေါကို တစ်ဦးချင်းရောအသင်းလိုက်ပါ ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် အဖွင့်ပွဲရဲ့ ရသဟာ ပျက်သွား၇တယ်။

ပွဲစပြီးစက္ကန့် ၁၆၀ မှာပဲ အီကွေဒေါရဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင် အင်နာ ဗလင်စီယာရဲ့ခေါင်းတိုက်ချက်နဲ့ ဂိုးဝင်သွားခဲ့တယ်။ ဒါပေမယ့် ဒါဟာ offside လူကျွံဘောသတ်မှတ်ခံရပြီးပယ်ဖျက်ခံလိုက်ရတယ်။ သိပ်မကြခင်မှာပဲ အီကွေဒေါက ဦးဆောင်ဂိုး ပြန်ရတယ်။ဂိုးဧရိယာအတွင်း ကာတာဂိုးသမား အယ်လ် ရှီအက် က ဗလင်စီယာကို ဆွဲလှဲလိုက်တဲ့အတွက်ပင်နယ်တီပေးခံရပြီး ဗလင်စီယာ အသာအယာ သွင်းယူခဲ့တယ်။ ကာတာ ဂိုးသမားဟာ ပွဲစကတည်းကအီကွေဒေါတိုက်စစ်ဖိအားကြောင့် ပျာယာခတ်နေတာတောတွေ့၇တယ်။

ပထမပိုင်းမပြီးခင်မှာပဲဗလင်စီယာရဲ့ ဒုတိယမြောက် ခေါင်တိုက်ဂိုးနဲ့အတူ ကာတာကမ္ဘာ့ဖလားအိမ်ရှင် ပရိသတ်တွေငြိမ်သက်သွားခဲ့တယ်။ ပွဲအနေအထားဟာ အကြိတ်အနယ် အပြန်အလှန်မရှိဘဲ လူကြီးနဲ့ ကလေးလိုတစ်ဖက်သတ်ဖြစ်နေလို့ ဒုတိယပိုင်းမှာ ပရိသတ်အတော်များများ ထပြန်သွားပြီးပွဲအေးတစ်ပွဲဖြစ်သွားတယ်။

ဒီပွဲမတိုင်မီ၁၂ နှစ်တာ ကြိုတင်ပြင်ဆင်လာခဲ့ပြီး စိတ်လှုပ်ရှားစရာ ကာတာကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနား ကျင်းပပါတယ်။ ဖွင့်ပွဲအခမ်းအနားနဲ့အတူ ကာတာတွေ မက်ခဲ့တဲ့အိပ်မက်က အီကွေဒေါကို မရှုမလှ အရေးနိမ့်ပြီးနောက်မှာတော့ အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရတယ်။ အိမ်ရှင်အသင်းဟာ ဒုတိယပိုင်းမှာလည်း အီကွေဒေါဂိုးပေါက်ကို လုံး၀ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပဲ ပွဲပြီးသွားခဲ့တယ်။

ဒီပွဲရှုံးနိမ့်ခဲ့ရမှုနဲ့ပတ်သက်ပြီးကာတာနည်းပြ ဖဲလစ်ဆန်းချက်ဇ် က အကြောင်းပြစရာ ဘာမှမရှိပါဘူး။ ကာတာအသင်းဟာအကောင်းဆုံးအနေအထားမှာ မရှိတဲ့အတွက် ရှုံးသင့် ရှုံးထိုက်လို့ ရှုံးသွားရတာပါလို့ပြောပါတယ်။ ကာတာဟာ ဒုတိယပွဲစဉ်အဖြစ် အာဖရိကချန်ပီယံ ဆီနီဂေါ နဲ့ ဆက်ကစားဖို့ရှိနေတယ်။


Photo by Gulf Times

 

#cwm

 

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.