VAR ၊ အလွဲများ နဲ့ ငြီးငွေ့ဖွယ် ဂိုးပေါက်ပျောက် ကမ္ဘာ့ဖလား ပွဲစဉ်များ..။


နိရဉ္စရာ၊ နိုဝင်ဘာ ၂၅ (ကမ္ဘဖလားသုံးသပ်ချက်)

 

ကမ္ဘာ့ဖလား အုပ်စု ပွဲတွေရဲ့ ပထမပွဲစဉ်တွေအားလုံး ပြီးဆုံးသွားခဲ့ပါပြီ။ အုပ်စု A ကနေ H အထိ အသင်း ၃၂ သင်းရဲ့ ကစားပုံတွေကိုလည်း မြင်တွေ့ခဲ့ရပြီးပါပြီ။ မနေ့က(နိုဝင်ဘာ-၂၄) ကတော့ အုပ်စုများရဲ့နောက်ဆုံးပွဲတွေအဖြစ် ဆွစ်ဇာလန်-ကင်မရွန်း၊ ဥရုဂွေး-တောင်ကိုးရီးယား၊ ပေါ်တူဂီ-ဂါနာ နဲ့ ဘရာဇီး-ဆားဗီးယားတို့ ကစားသွားကြတယ်။

 

ပွဲစဉ်တွေက တစ်နေ့ လေးပွဲ( ညနေ ၄:၃၀၊ ည ၇:၃၀၊ ည ၁၀:၃၀၊ ည ၁:၃၀) မှာ ကစားကြတာဆိုတော့ ပွဲစဉ်အားလုံး ထိုင်ကြည့်ဖို့ မလွယ်လှဘူး။ အထူးသဖြင့် ညဉ့်ဦးပိုင်းပွဲတွေကို အဓိက ထားကြည့်ဖြစ်ပြီး ညဉ့်နက်ပိုင်းပွဲတွေကိုတော့ တစ်ပိုင်းတစ်စပဲ ကြည့်နိုင်ခဲ့တယ်။

 

ဖြစ်ချင်တော့ ကိုယ်အားခဲပြီးကြည့်တဲ့ ညဦးပိုင်းပွဲတွေမှာ မိနစ်(၉၀)ပြည့်ထိုင်ကြည့်ပြီး ဂိုးသွင်းတာ မမြင်ရတဲ့ ပွဲတွေက များနေတယ်။ တစ်ပွဲလည်းမဟုတ်၊ နှစ်ပွဲလည်းမဟုတ်။ နေ့တိုင်း တစ်ပွဲမဟုတ် တစ်ပွဲ ဂိုးမရှိသရေကျပြီး ဂိုးပေါက်ပျောက်နေတာ ကြည့်ရဖန်များလာတော့ ဒီနှစ် ကမ္ဘာ့ဖလားပွဲ ကြည့်ရတာ ငြီးငွေ့သလို ဖြစ်လာတယ်။ ခုချိန်ထိ ရင်ခုန်စရာကောင်းလောက်အောင် ကြည့်ရတာ ဂျာမနီ-ဂျပန် တစ်ပွဲပဲ ရှိသေးတယ်။ ကျန်ပွဲတွေက ပုံမှန်မြင်တွေ့နေကျ ကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်းသာတဲ့ အသင်းနဲ့ ဂိုးမပေးရရေး ခံစစ်အားထားတဲ့အသင်းတွေ ဂိုးသွင်းဖို့ အခွင့်အရေးစောင့် ကစားကြရင်း ပွဲတချို့ဟာ ဂိုးသွင်းတာမမြင်ရတဲ့ ပွဲစဉ်တွေ ဖြစ်လာတယ်။

 

ဒီကြားထဲ ခေတ်သစ်ဘောလုံးမှာ အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေတဲ့ VAR စနစ်ရဲ့ အလုပ်လုပ်ပုံတွေက ပွဲရဲ့ ရသကို ဖျက်ဆီးသလို ဖြစ်နေတာလည်း တွေ့ရတယ်။

 

ဒါက ပွဲကြည့်ပရိသတ် ကိုယ်တစ်ယောက်ထဲရဲ့ အမြင်လည်း ဖြစ်နိုင်ပါတယ်။ မနေ့ညက ပေါ်တူဂီဟာ ဂါနာကို (၃-၂) နဲ့ အနိုင်ရသွားခဲ့တယ်။ ကမ္ဘာမှာ ခရစ္စတီယာနို ရောနယ်လ်ဒိုရဲ့ ပရိသတ် ဘယ်လောက်များပြားမယ်ဆိုတာ ပြောဖို့မလိုပါဘူး။ ပေါ်တူဂီက ကမ္ဘာ့ဖလားမှာ အသင်းကောင်းတစ်သင်းဖြစ်သလို ထိပ်တန်းကစားသမားတွေလည်း ပါဝင်နေကြတယ်။

 

ပေါ်တူဂီ- ဂါနာပွဲကလည်း ပထမပိုင်း တစ်ပိုင်းလုံး ငြီးငွေ့စရာပါ။ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ ပွဲကို စိုးမိုးထာတယ် ဆိုပေမယ့် ဂါနာနောက်တန်းကို မကျော်နိုင်ဘဲ ဂိုးပေါက်ပျောက်နေခဲ့တယ်။ ဂါနာက ပေါ်တူဂီဘက်ခြမ်းကို ထိထိရောက်ရောက် မဖောက်နိုင်သလို ပေါ်တူဂီရဲ့ ဂါနာဂိုးပေါက်ရှေ့ ဟိုဘက်ဒီဘက် ထိုးဖောက်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းမှုဟာလည်း မထိရောက်ခဲ့ဘူး။ ပွဲက ကြည့်ရင်း ပျင်းစရာကောင်းလာတယ်။ ဘောလုံးတွေတော့ ကိုင်ပြီးကစားနေကြပါရဲ့။ ဂိုးမသွင်းနိုင်တဲ့ အခြေအနေမျိုး။

 

အစောပိုင်း ဥရုဂွေး- တောက်ကိုးရီးယားပွဲကို တချိန်လုံးထိုင်ကြည့်ပြီး ဟိုဘက် ဒီဘက် ဂိုးသွင်းတာ မမြင်ရဘဲ ပြီးသွားတော့ ဒီတစ်ပွဲလည်း ဒီလိုပဲ လာဦးမလားမသိ။ ရှေ့ရက်တွေတုန်းကလည်း ဂိုးမသွင်းတဲ့ပွဲတွေ ထိုင်ကြည့်ခဲ့ပြီးပြီ။ ပေါ်တူဂီ- ဂါနာ ပွဲဟာ ဒုတိယပိုင်းကျမှပဲ သွင်းဂိုးမြင်ရတော့တယ်။

 

ခုချိန်ထိ မျက်စိထဲ မြင်ယောင်နေတာက စီ ရော်နယ်ဒို ရသွားတဲ့ ပင်နယ်တီပါ။ ဒါက ပင်နယ်တီလားပေါ့။ ဂိုးဧရိယာထဲ ဒိုလေး နဲ့ ဂါနာနောက်ခံလူတို့ ထိမိရုံလေးထိမိပြီး လဲကျသွားချိန်မှာ ဒိုင်က ပင်နယ်တီပေးလိုက်တာပါ။ ဂါနာကစားသမားတွေ စောဒက တက်ပေမယ့် မရပါဘူး။ ပေါ်တူဂီအဖွင့်ဂိုးဟာ စီရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလားအဖွင့်ဂိုးဖြစ်သွားတယ်။ ကိုယ်ကပဲ သံသယဝင်နေလို့လားမသိ။ ဒီပင်နယ်တီကို သိပ်တော့ ဘဝင်မကျလှဘူး။ ပရီးမီးယားလိဂ်မှာ ဒါမျိုးပုံစံတူ မကြာခဏ တွေ့ရပေမယ့် ပင်နယ်တီ မဖြစ်ခဲ့ဘူး။ ပွဲက ပေါ်တူဂီ ဂိုးရသွားမှ ပိုပြီး မြိုင်ဆိုင်လာတယ်။ နောက်တော့ ၇၃ မိနစ်မှာ ဂါနာက အင်ဒရီ အယူး ချေပဂိုးသွင်းတယ်။ ၇၈ မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်လာပြီး ဖာနန်ဒက် ရဲ့ ပေးပို့မှုကို ဖဲလစ် က ကန်သွင်းလို့ ပေါ်တူဂီ ဦးဆောင်ဂိုး ထပ်ရပြန်တယ်။

 

ဒီမှာလည်း စိတ်ထဲ သံသယ ဝင်လာပြန်တယ်။ ဖဲလစ် ဘောလုံး လက်ခံချိန်မှာ နည်းနည်း လူကျွံ နေသလားလို့။ ဒီလိုအဖြစ်မျိုး အရင်ပွဲတချို့မှာတွေ့ရတော့ Offside အဖြစ် သတ်မှတ်တာ တွေ့ရတယ်။ အာဂျင်တီးနား က ဆော်ဒီကို ရှုံးနိမ်သွားတဲ့ ပွဲစဉ် ပထမပိုင်းမှာ အငြင်းပွားဖွယ် offside တွေ ဖြစ်ခဲ့လို့ ပထမပိုင်းမှာတင် အာဂျင်တီးနား သုံးဂိုးလောက် ရသင့်တာ မရခဲ့ဘဲ ဒုတိယပိုင်းမှာ ပွဲက ကြည့်မကောင်းတော့ဘူး။

 

ပထမပိုင်း ၂၈ မိနစ်မှာ အာဂျင်တီးနားက လောတာရို မာတီနက်ဇ် ရဲ့ သွင်းဂိုးကို linesman က ခွင့်ပြုပေမယ့် VAR က offside အဖြစ်သတ်မှတ်လို့ ဂိုးမရခဲ့ဘူး။ ဒီဂိုးနဲ့ ပတ်သက်ပြီး ဖီဖာက အခု အခုအသုံးပြုနေတဲ့ အလိုအလျောက် လူကျွံဖမ်း နည်းပညာ semi-automatic offside system က မှားယွင်းတာပါလို့ ဖီဖာတာဝန်ရှိသူတွေက နောက်ပိုင်း ဝန်ခံခဲ့တယ်။

 

VAR စနစ် နဲ့ ပတ်သက်ပြီး ဘောလုံးလောကမှာ အငြင်းပွားစရာတွေ ဖြစ်နေတာ ကြာပါပြီ။ ဒီစနစ်က ပြီးခဲ့တဲ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အသုံးပြုခဲ့သလို ၂၀၁၆ ကစပြီး ဥရောပ လိဂ်တွေမှာ စ အသုံးပြုခဲ့တယ်။

ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲတွင်းအငြင်းပွားမှုတွေအားလုံးဟာ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ပေါ်မှာ ပြီးဆုံးသွားသလို ပွဲပြီးသွားတဲ့အခါ ပြန်ပြင်လို့မရခဲ့တဲ့ သာဓက များစွာ ဘောလုံးသမိုင်းမှာ ရှိခဲ့ပါတယ်။

 

 VAR တွေ မပေါ်ခင် ဘောလုံးကို လက်နဲ့ ပုတ်သွင်းခဲ့တဲ့ မာရာဒိုနာတို့ အွန်နရီတို့ရဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပေမယ့် လူရဲ့ တဒင်္ဂ အဆုံးအဖြတ်နဲ့ တစ်ခါတရံမှားယွင်းတွေကို ဘောလုံးရသက ဖုံးလွှမ်းသွားခဲ့တယ်။ အခု နည်းပညာတိုးတက်လာချိန်မှာတော့ အမှားအယွင်းတွေကို ပိုမိုတိကျအောင် ကြည့်ရှုနိုင်ပေမယ့် ဒီနည်းပညာကပဲ ဘောလုံးရဲ့ ရသကို ဖျက်ဆီးပစ်သလို ဖြစ်နေတယ်။

 

ခုချိန်ထိ ကစားပြီးသွားတဲ့ ပွဲစဉ်တွေမှာ ပွဲစဉ် လေးပွဲ ( ပိုလန်-မက္ကဆီကို၊ တူနီးရှား-ဒိန်းမတ်၊ ခရိုအေးရှား-မော်ရော့ကို၊ ဥရုဂွေး-တောင်ကိုးရီးယား) အထိ ဂိုးပေါက်ရှာမတွေ့ခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ထိုင်ကြည့်နေရတာ ငြီးငွေ့စရာဖြစ်လာသလို VAR နဲ့ ဒိုင်တွေရဲ့ အဆုံးအဖြတ်ကလည်း ပွဲရဲ့ ရသကို ပျက်နေသလားလို့ ထင်မိတယ်။ ဒါလည်း ကိုယ်တစ်ယောက်ထဲရဲ့ စိတ်ထဲပဲ ဖြစ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 

သတင်း CWM

ဓာတ်ပုံ- အင်တာနက်

Share: