- Web Master
- ၀၁ စက်တင်ဘာ ၂၀၂၃
အမေရိကန်ကို ဂိုးမရှိသရေကျခဲ့တဲ့အင်္ဂလန်
နောက်တစ်ဆင့်တက်ဖို့ စောင့်ရဦးမယ်။
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆/ ၂၀၂၂
ကမ္ဘာ့ဖလားအုပ်စု A ပွဲစဉ်တွေကို နိုဝင်ဘာ ၂၅၊ သောကြာနေ့က ဆက်လက်ယှဉ်ပြိုင်ကစားကြရာမှာ
၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာအသင်းဟာ ဆီနီဂေါကို (၃-၁) နဲ့ ရှုံးနိမ့်သွားခဲ့တဲ့အတွက် ၂ ပွဲကစားအပြီး ၂ပွဲစလုံး ရှုံးနိမ့်သွားပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အစောဆုံး နှုတ်ဆက်ထွက်ခွါသွားတဲ့ အိမ်ရှင်အသင်း ဖြစ်လာပါတယ်။
ခုလိုအိမ်ရှင်အဖြစ်အုပ်စုအဆင့်ကနေ ၂၀၁၀ ကမ္ဘာ့ဖလားမှာ တောင်အာဖရိက အသင်းထွက်ခွါသွားခဲ့ဖူးလို့ ကာတာဟာ ဒုတိယမြောက် အစောဆုံးထွက်ရတဲ့ အိမ်ရှင်ဖြစ်လာပါတယ်။
ပထမပွဲစဉ်မှာ နယ်သာလန် ကို ရှုံးနိမ့်ထားတဲ့ ဆီနီဂေါအသင်းဟာ ကာတာအသင်းကို ဘူလာရီဒိုင်ယာ၊ ဖာမာရာ၊ ဘမ်ဘာတို့ရဲ့ ဂိုးများနဲ့ သက်သောင့်သက်သာကစားပြီး ၃ မှတ်ရယူသွားခဲ့တယ်။ ကာတာအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ မန်တာရီက ခေါင်းတိုက်သွင်းခဲ့တယ်။
အိမ်ရှင်ကာတာ ၂ပွဲရှုံးပြီး ထွက်သွားရပေမယ့် ဆီနီဂေါကတော့ နောက်ထပ်အီကွေဒေါနဲ့ ကစားပြီးမှ အဖြေသိရပါလိမ့်မယ်။ သောကြာနေ့မှာပဲ အီကွေဒေါ နဲ့ နယ်သာလန်တို့ကစားခဲ့ကြရာမှာ(၁-၁) သရေကျသွားခဲ့တယ်။ အုပ်စု A နောက်ဆုံးပွဲစဉ်မှာ နယ်သာလန်က ကာတာနဲ့ ကစားရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိပေမယ့် ဆီနီဂေါက အီကွေဒေါနဲ့ နောက်ဆုံးပွဲစဉ်အနိုင်ရမှ နောက်တဆင့် တက်ပါလိမ့်မယ်။
ဒုတိယမြောက်ကစားတဲ့ အီရန် နဲ့ ဝေလ အသင်းတို့ပွဲစဉ်မှာ မိနစ်၉၀ ပြည့်လွန် ထပ်ဆောင်းချိန်ပိုကျမှ အီရန်က ၂ ဂိုးသွင်းပြီးအနိုင်ရသွားခဲ့တယ်။ အီရန်အသင်းအတွက် ဥရောပအသင်းကို နိုင်ဖူးတဲ့ အာရှအသင်းတစ်သင်း ဖြစ်လာတယ်။ အီရန်ဟာ နောက်ဆုံးပွဲအဖြစ် ခါးသည်းတဲ့ ရန်ဘက် အမေရိကန်နဲ့ ရင်ဆိုင်ကစားရမယ်။
နိုဝင်ဘာ-၂၅ရက်၊ နောက်ဆုံးကစားတဲ့ အင်္ဂလန် နဲ့ အမေရိကန် ပွဲစဉ်ဟာ အများမျှော်လင့်သလိုဖြစ်မလာဘဲ (၀-၀) သရေကျသွားခဲ့တယ်။ အဖွင့်ပွဲစဉ်မှာ အီရန်ကို(၆-၂) နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် နာမည်ကြီး အင်္ဂလန်ဟာ အမေရိကန်ကို ပွဲပြီးချိန်အထိ ဂိုးမသွင်းနိုင်ဘဲ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ပဉ္စမမြောက် ဂိုးမရှိသရေကျတဲ့ ပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားတယ်။
အင်္ဂလန် ရဲ့ နောက်ဆုံးပွဲစဉ်ဟာ အားနည်းတဲ့ တစ်ပြည်ထောင်သား ဝေလဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေတယ်။