- Web Master
- ၁၆ ဖေဖော်ဝါရီ ၂၀၂၁
“တစ်သင်းတည်းနှင့် ခြေစစ်ပွဲကစားရမည်ဖြစ်သဖြင့် မြန်မာအမျိုးသမီး ဘောလုံးအသင်း နောက်တစ်ဆင့်တက်ရန် သေချာသလောက်ဖြစ်နေ”
နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၃ (အားကစား)
လာမည့် ဧပြီလ(၅)ရက် နှင့် (၈)ရက်နေ့များတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်း နှင့် အီရန်အမျိုးသမီး ဘောလုံးအသင်းတို့ ၂၀၂၄ ပါရီ ကမ္ဘာ့အိုလံပစ် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားကြမည်ဟုသိရသည်။
အဆိုပါ ခြေစစ်ပွဲယှဉ်ပြိုင်ကစားရန် အီရန်အမျိုးသမီးဘောလုံးအသင်းသည် ဧပြီ(၂)ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ယခုအခါ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌပိုင် နိုဗိုတယ်ဟိုတယ်တွင် တည်းခိုလျှက်ရှိသည်။
မြန်မာအမျိုးသမီးဘောလုံးအသင်း နှင့် အီရန်အမျိုးသမီးဘောလုံးအသင်းတို့သည် ၂၀၂၄ ပါရီအိုလံပစ်၊ အာရှဇုန်ခြေစစ်ပွဲ အုပ်စု(ခ)တွင် ပါဝင်နေပြီး မြန်မာက အိမ်ရှင်အဖြစ်လက်ခံကျင်းခြင်းဖြစ်သည်။
အာရှဇုန်အုပ်စု(ခ)တွင် မြန်မာနှင့်အတူ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက် အမျိုးသမီးအသင်းများပါဝင်သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မော်လဒိုက်အသင်းများ ဘဏ္ဍာရေးအခြေအနေအရ နှုတ်ထွက်သွားကြသဖြင့် မြန်မာ နှင့် အီရန်အမျိုးသမီးအသင်းသာ ကျန်ခဲ့သည်။
ထို့ကြောင့် မြန်မာ နှင့် အီရန်အမျိုးသမီး နှစ်သင်းတို့သာ ဧပြီ(၅)ရက် နှင့် (၈)ရက်များတွင် ခြေစစ်ပွဲ နှစ်ကျော့ ကစားရမည်ဖြစ်သည်။ အနိုင်အရှုံးကို ဂိုးကွာခြားချက်ဖြင့်လည်းကောင်း၊ သရေကျလျှင် ပင်နယ်တီကန်၍လည်းကောင်း ဆုံးဖြတ်မည်ဟု သိရသည်။
အီရန်အမျိုးသမီးအသင်းတစ်သင်းနှင့်သာ ခြေစစ်ပွဲကစားရမည်ဖြစ်သောကြောင့် မြန်မာအမျိုးသမီးအသင်းမှာ ခြေစစ်ပွဲအောင်ရန် သေချာသလောက် ရှိနေသည်။
မြန်မာအမျိုးသမီးအသင်းသည် အရှေ့တောင်အာရှတွင် ထိုင်း၊ ဗီယက်နမ် တို့ပြီးလျှင် အကောင်းဆုံးအသင်းဖြစ်ပြီး ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် (၄၇)တွင် ရပ်တည်လျှက်ရှိသည်။
အီရန်အမျိုးသမီးအသင်း၏ ဖီဖာကမ္ဘာ့အဆင့်ရပ်တ ည်ချက်မှာ(၆၇)ဖြစ်သည်။ ဘာသာရေးအရ အမျိုးသမီးများအားလုံး burqa ခေါင်းဆောင်း ဝတ်ဆင်ရသော အီရန်နိုင်ငံတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းသားများအားလုံး burqa ခေါင်းဆောင်း ဝတ်ဆင်ကစားကြမည်ဖြစ်သည်။
မြန်မာ နှင့် အီရန်အမျိုးသမီး ဘောလုံးပွဲစဉ်များကို Skynet ရုပ်သံလိုင်းက ညနေ(၄:၀၀)နာရီအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု သိရသည်။
ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားနေသည့် ဘောလုံးပွဲစဉ်များကို ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်မရဘဲ ကွင်းပိတ်ကစားနေသည်မှာ ကြာပြီဖြစ်သည်။ ယခုခြေစစ်ပွဲကိုလည်း ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
NN-27