ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အီရန်အမျိုးသမီးအသင်းကို နှစ်ပွဲစလုံး အနိုင်မရသဖြင့် မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အိုလံပစ် ခြေစစ်ပြိုင်ပွဲမှ ထွက်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.6k

နိရဉ္စရာ၊ ဧပြီ ၉/၂၀၂၃ (အားကစား)

 

ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ၂၀၂၄၊ ပါရီ အိုလံပစ်၊ အာရှဇုန် အုပ်စု(ခ) အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအမျိုးသမီးအသင်းသည် နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံးအနိုင်မရဘဲ တစ်ပွဲရှုံး၊ တစ်ပွဲ သရေကျသဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး အီရန်အမျိုးသမီးအသင်းက ပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။

 

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နှင့် အီရန်အမျိုးသမီးလက်ရွေးစင်အသင်းတို့ ပထမပွဲစဉ်အဖြစ် ဧပြီလ(၅)ရက်နေ့က ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးအသင်း (၁-၀)ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် ဧပြီလ(၈)ရက်နေ့က ထပ်မံကစားရာ (၁-၁) သရေကျခဲ့သည်။

 

ပထမပွဲစဉ်တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ဒုတိယပွဲစဉ်တွင် တစ်ဂိုးစီ သရေကျသဖြင့် နှစ်ကျော့ပေါင်း (၂-၁) အီရန်အမျိုးသမီးအသင်း အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခြင်းဖြစ်သည်။

 

ပြိုင်ပွဲမတိုင်မီက အီရန်အမျိုးသမီး တစ်သင်းတည်းနှင့်သာ ကစားရမည်ဖြစ်သည့်အတွက် ခြေစစ်ပွဲအောင်ရန် သေချာသလောက်ရှိသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မြန်မာအမျိုးသမီး အသင်းမှာ မိမိထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နိမ့်သော အီရန်အမျိုးသမီးအသင်းကို နှစ်ပွဲစလုံး အနိုင်မရဘဲ ပြိုင်ပွဲက ထွက်ခဲ့ရသည်။

 

မြန်မာအမျိုးသမီးအသင်းမှာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်(၄၇)တွင် ရှိပြီး အီရန်အမျိုးသမီး အသင်းက(၅၇)တွင် ရှိသည်။

 

ယခုကဲ့သို့ အီရန်အမျိုးသမီးအင်းကို မိမိအိမ်ကွင်းတွင်ပင် အနိုင်မရဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ဘောလုံးအဖွဲ့ချုပ်အပေါ် ပရိသတ်များ၏ ဝေဖန်မှုမြင့်တက်နေသည်။

 

လက်ရှိအချိန်တွင် မြန်မာအမျိုးသားလက်ရွေးစင်အသင်းရော အမျိုးသမီးအသင်းပါ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် နိုင်ပွဲလုံးဝမရှိဘဲဖြစ်နေသည်။ မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အိမ်ရှင်အခွင့်အရေး နှင့် လေးသင်းပါအုပ်စုတွင် တစ်သင်းတည်းနှင့်ကစားရသည့် အခွင့်အရေးကိုပင် ရအောင် မယူနိုင်ခဲ့ပေ။

 

ယခု ရှုံးနိမ့်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် တစ်စုံတရာပြောဆိုခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေသလို အဆိုပါပြိုင်ပွဲသတင်းကိုလည်း အကျယ်တဝင့်မဖော်ပြဘဲ သတင်းမှောင်ချထားခဲ့သည်။

 

NN 27

 

ဆက်စပ် သတင်းများ