( အင်္ဂလန်၊အာဂျင်တီးနား၊ အမေရိကန်၊ ကိုလံဘီယာတို့ နိုင်ပွဲဆက်နေ)
အာဂျင်တီးနားနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၃ ခုနှစ် ဖီဖာ အသက်-၂၀အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားလျှက်ရှိရာအင်္ဂလန်၊ အာဂျင်တီးနား၊ အမေရိကန်၊ ကိုလံဘီယာ၊ ဂမ်ဘီယာအသင်းများ နိုင်ပွဲဆက်နေသည်။
မေလ(၂၅)ရက်က ယှဉ်ပြိုင်သော အုပ်စု(င)ပွဲစဉ်များတွင် အင်္ဂလန် ယူ-၂၀ အသင်းက ဥရုဂွေး ယူ-၂၀ အသင်းကို (၃-၂) ဖြင့် အနိုင်ရခဲ့ပြီး တူနီးရှားယူ-၂၀ အသင်းက အီရတ် ယူ-၂၀ အသင်းကို (၃-၀)ဖြင့်အနိုင်၇ခဲ့သည်။
အုပ်စု(စ) ပွဲစဉ်များတွင် အာဖရိကအသင်း ဂမ်ဘီယာ ယူ-၂၀ က ပြင်သစ်ယူ-၂၀ ကို (၂-၁)ဖြင့်နိုင်ပြီး တောင်ကိုးရီးယား ယူ-၂၀ နှင့် ဟွန်ဒူရပ်စ် ယူ-၂၀ တို့ (၂-၂)သရေကျခဲ့သည်။
အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်တွင် အင်္ဂလန်၊ အာဂျင်တီးနား၊ အမေရိကန်၊ ကိုလံဘီယာနှင့် ဂမ်ဘီယာအသင်းများ နှစ်ပွဲစလုံး အနိုင်၇ပြီး အုပ်စုအသီးသီးကိုဦးဆောင်လျှက်ရှိသည်။
ယခုနှစ်ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖီဖာလက်အောက်ရှိ ကမ္ဘာ့တိုက်ကြီး(၆)တိုက်မှ ခြေစစ်ပွဲအောင် အသင်း(၂၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားလျှက်ရှိသည်။
ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကို ၁၉ရ၇ ခုနှစ်က စ၍ (၂)နှစ် တစ်ကြိမ် " ဖီဖာ ကမ္ဘာ့လူငယ် ချန်ပီယံရှစ်" အမည်ဖြင့် ကျင်းပလာခဲ့ပြီး ၂၀၀၇ခုနှစ်မှ စ၍ " ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ" ဟုခေါ်တွင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ကျင်းပသည့် ပြိုင်ပွဲမှာ (၂၃)ကြိမ်မြောက်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲကိုအင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလကရွေးချယ်ထားသော်လည်းပြိုင်ပွဲတွင် အစ္စရေးအသင်း ပါဝင်သည်ကို အင်ဒိုနီးရှားပြည်သူများကဆန့်ကျင်ကန့်ကွက်ကြသဖြင့် အာဂျင်တီးနားအား အိမ်ရှင်အဖြစ်ထပ်မံရွေးချယ်ခဲ့၇ခြင်းဖြစ်သည်။
ပြိုင်ပွဲကိုမေလ(၂၀)ရက်မှ ဇွန်လ(၁၁)ရက်အထိ ခြေစစ်ပွဲအောင် အသင်းပေါင်း(၂၄)သင်းကိုတစ်အုပ်စုလျှင် (၄)သင်း ဖြင့် အုပ်စု(၆)ခွဲကာ ယှဉ်ပြိုင်ကစားလျှက်ရှိနေသည်။
ပါဝင်ယှဉ်ပြိုင်နေသောခြေစစ်ပွဲအောင်အသင်းများမှာ အာရှဇုန်(AFC)မှအီရတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဥဇဘက်ကစ္စတန်။ အာဖရိကဇုန်(CAF)မှဂမ်ဘီယာ၊ နိုက်ဂျီးရီးယား၊ ဆီနီဂေါ၊ တူနီးရှား။ မြောက်အမေရိကဇုန်(CONCACAF)မှဒိုမီနီကန်၊ ဂွါတီမာလာ၊ ဟွန်ဒူရပ်စ်၊ အမေရိကန်။တောင်အမေရိကဇုန် ( CONMEBOL) မှ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဥရုဂွေး။ သမုဒ္ဓရာဇုန်(OFC)မှဖီဂျီ၊ နယူးဇီလန် ဥရောပဇုန်( UEFA)မှအင်္ဂလန်၊ ပြင်သစ်၊ အစ္စရေးလ်၊ အီတလီ၊ ဆလိုဗက်ကီးယား တို့ဖြစ်သည်။
အဆိုပါ(၂၄)သင်းကိုအုပ်စု(၆)ခုခွဲထားရာ- အုပ်စု(က)တွင်အာဂျင်တီးနား၊ နယူးဇီလန်၊ ဥဇဘက်ကစ္စတန်၊ ဂွါတီမာလာ။ အုပ်စု(ခ)တွင်အမေရိကန်၊ ဆလိုဗက်ကီးယား၊ အီကွေဒေါ၊ ဖီဂျီ။ အုပ်စု(ဂ)တွင် ကိုလံဘီယာ၊ ဂျပန်၊ အစ္စရေး၊ ဆီနီဂေါ၊ အုပ်စု(ဃ)တွင်နိုက်ဂျီးရီးယား၊ ဘရာဇီး၊ အီတလီ၊ ဒိုမီနီကန် အုပ်စု(င)တွင် အင်္ဂလန်၊ ဥရုဂွေး၊ တူနီးရှား၊ အီရတ် အုပ်စု(စ)တွင် ဂမ်ဘီယာ၊ တောင်ကိုးရီးယား၊ ဟွန်ဒူရပ်စ်၊ ပြင်သစ် တို့ပါဝင်ကြသည်။