တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မန်ယူတွင် ၁၂ နှစ်ကြာ ဂိုးသမားအဖြစ်ပါဝင်ကစားခဲ့ပြီးနောက် ဒီဂီယာ အသင်းမှထွက်ခွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 722

မန်ချက်စတာယူနိုက်တက် အသင်း​၏ ဂိုးသမား ဒေးဗစ် ဒီဂီယာသည် အသင်းတွင် ၁၂ နှစ်ကြာ ဂိုးသမားအဖြစ် ကစားခဲ့ပြီးနောက် ဇူလိုင်လ(၈)ရက်နေ့က အသင်းမှ ထွက်ခွသွားပြီဟု သိရသည်။


ယခုနှစ် ဇွန်လတွင် မန်ယူနှင့် စာချပ်သက်တမ်းပြည့်သွားပြီးနောက် စာချူပ်သက်တမ်းမတိုးတော့ဘဲ အသင်းကို စွန့်ခွာသွားခြင်းဖြစ်သည်။

 

စပိန်လက်ရွေးစင် ဂိုးသမားဟောင် ဒီဂီယာသည် မန်ယူဂိုးသမား ပီတာ ရှမိုက်ကယ် တင်ထားသည့် ဂိုးမပေးရသည့်ပွဲစံချိန်ကို ပြီးခဲ့သည့်နှစ်က ကျော်ဖြတ်ခဲ့သလို ကစားသမားများနှင့် ပရိသတ်က ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လေးကြိမ် ရရှိခဲ့သူဖြစ်သည်။

 

သို့သော် ဒီဂီယာ​၏ ယခုနောက်ပိုင်းစွမ်းဆောင်ရည်များနှင့်ပတ်သက်၍ ဝေဖန်ခံရမှုများရှိပြီး နည်းပြတန်ဟက်လက်ထက်တွင် အံဝင်ခွင်ကျ မဖြစ်ဘဲ အမှားများလာခဲ့သည်။

 

 " ပတ်ဝန်းကျင်အသစ်မှာ စိန်ခေါ်မှုအသစ်ကို ရှာဖွေဖို့ ခုချိန်ဟာ အကောင်းဆုံးအချိန်ပါ။ ကျွန်တော့ နှလုံးသားထဲမှာ မန်ချက်စတာဟာ အမြဲ ရှိနေမှာပါ။ မန်ချက်စတာဟာ ကျွန်တော့ကို ပုံသွင်းပေးခဲ့ပြီး ရင်ထဲမှာ အမြဲရှိနေမှာပါ" ဟု ဒီဂီယာက သူ​၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ရေးသားခဲ့သည်။

 

ဒီဂီယာ ထွက်ခွါသွားသဖြင့် ၎င်း​၏နေရာ အစားထိုးရန် မန်ယူသည် အင်တာမီလန် ဂိုးသမား အင်ဒရေ အိုနာနာ ကို ခေါ်ယူရန် ချဉ်းကပ်လျှက်ရှိသည်။

 

အိုနာနာသည် ယခင်က လက်ရှိမန်ယူနည်းပြ တန်ဟက် ကိုင်တွယ်သော အေဂျက်အသင်းတွင် ကစားခဲ့သူဖြစ်သည်။

 

 


မန်ချက်စတာယူနိုက်တက်သို့ နည်းပြ ဖာဂူဆန်​၏ ခေါ်ယူမှုဖြင့် ၂၀၁၁ခုနှစ်တွင် ရောက်ရှိလာခဲ့သော ဂိုးသမား ဒီဂီယာသည် ပွဲပေါင်း ၅၄၅ ပွဲကစားခဲ့သည့်အနက် ၁၉၀ ပွဲမှာ လုံးဝဂိုသွင်းမခံရသည့် clean sheet ရရှိခဲ့သည်။


" လှပတဲ့ အမှတ်ရစရာများနဲ့အတူ ကွင်းလုံးပြည့် အားပေးနေကြတဲ့ ပရိသတ်ကို နှုတ်ဆက်ဖို့ ခင်ဗျားထိုက်တန်ပါတယ်။ မန်ယူမှာ ခင်ဗျားဟာ သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့သလို့ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး" ဟု မန်ယူကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်ဇ် က သူ​၏ အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

 

ဒီဂီယာ အသင်းမှ ထွက်ခွါသွားသည့်အတွက် လက်ရှိ မန်ယူအသင်းတွင် ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ရရှိဖူးသူ ကစားသမား မကျန်တော့ပေ။

 

ဒီဂီယာသည် ဖာဂူဆန်​၏ မန်ယူနည်းပြ နောက်ဆုံးနှစ် ၂၀၁၂/၁၃ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဖလား ရရှိခဲ့သည်။

 

ဒီဂီယာသည် မန်ယူအသင်းနှင့်အတူ ၂၀၁၆ ခုနှစ်က အက်ဖ်အေဖလား ရရှိခဲ့ပြီး လိဂ်ဖလား နှစ်ကြိမ် နှင့် ယူရိုပါလိဂ် ချန်ပီယံဖလားများ ရရှိခဲ့သည်။

 

စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှတစ်ဆင့် မန်ယူသို့ ရောက်ရှိခဲ့ပြီးနောက် ဒီဂီယာသည် မန်ယူတွင် အကောင်းဆုံးလက်စွမ်းပြကစားနိုင်သော ဂိုးသမားဖြစ်ခဲ့သည်။

 

 ၂၀၁၅ ခုနှစ်က မန်ယူမှ ရီရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်ခဲ့သော်လည်း အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် စာရွက်စာတမ်းများအချိန်မီ မရရှိမှုကြောင့် မပြောင်းရွှေ့ဖြစ်ခဲ့ပေ။



 

" လွန်ခဲ့တဲ့ ၁၂နှစ်တာ ကာလအတွင်း အသင်းအပေါ် မပြောင်းလဲတဲ့ ကျေးဇူးတရားနဲ့ ချစ်ခြင်း တွေ ရှိခဲ့တဲ့အကြောင်း ပြောလိုပါတယ်။ ဖာဂူဆန်က ကျွန်တော့ကို ခေါ်ယူပြီးချိန်ကစလို့ ကျွန်တော်တို့တတွေ အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်"

 

" မန်ယူအင်္ကျီကို ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်ကစားရတိုင်း ကံကောင်းတဲ့ကစားသမားအချို့သာ ပါဝင် ကစားခွင့်ရတဲ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဘောလုံးအသင်းကို ကိုယ်စားပြု ကစားရတဲ့အပေါ် ကျွန်တော်အင်မတန် ဂုဏ်ယူမိပါတယ်" ဟု ဒီဂီယာက သူ​၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နှုတ်ဆက်စကား ရေးသားခဲ့သည်။

 

NN-27

Ref:cna

ဆက်စပ် သတင်းများ