- Web Master
- ၀၁ စက်တင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့က လူငယ်များအား ရခိုင်ယူနိုက်တက် ဘောလုံးအသင်းတွက် ရွေးချယ်ခေါ်ယူမှုပြုလုပ်သွားမည်ဟု အသင်းတာဝန်ရှိသူထံက သိရှိရသည်။
“မြို့နယ် ၃ ခုက ကလေးတွေအတွက် ဒီလို ရွေးချယ်ခေါ်ယူမယ်ဆိုတာမျိုး လိုင်းပေါ် တင်ပေးလိုက်ပါတယ်။ အလားအလာရှိတဲ့ ဘောလုံး ဝါသနာ ရွက်ပုန်းသီးလေးတွေကို ဘောလုံးဇာတ်ခုံပေါ် တင်ပေးနိုင်ဖို့အတွက်ပေါ့ဗျာ”ဟု သံတွဲမြို့နယ် ဘောလုံးအဖွဲ့အချုပ်မှ ဦးရွှေသွေးက ပြောသည်။
အသင်းအတွက် အသက် ၁၅ နှစ်အောက် နှင့် ၂၂ နှစ်အောက် များကို ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံမည့် လူငယ်များအနေဖြင့် သတ်မှတ်ရက်၌ သံတွဲမြို့နယ် အားကစားကွင်းအတွင်း လာရောက် ရွေးချယ်ခံနိုင်ကြောင်း သိရှိရသည်။
ရွေးချယ်ခံမည့် အသက် ၁၅ နှစ်အောက် လူငယ်များအတွက် သြဂုတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များကို သတ်မှတ်ထားပြီး အသက် ၂၂ နှစ်အောက် လူငယ်များအတွက် သြဂုတ်လ ၁၂ ရက်နေ့ သတ်မှတ် ထားကြောင်း သိရှိရသည်။
“သတ်မှတ်နေ့မှာ လာရွေးချယ်ခံဖို့ပါပဲ လျှောက်ထားစရာမလိုပါဘူး။ သတ်မှတ်ရက်မှာ မနက် ၈ နာရီ ဆို စရွေးချယ် စီစစ်သွားမှာပါ”ဟု ဦးရွှေသွေးက ဆက်လက်ပြောဆိုသည်။
ရွေးချယ်ခံမည့် လူငယ်များ အနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် ဘောလုံးကစားရန် လိုအပ်သည့် တကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာကြရန် လိုအပ်ကြောင်း သိရှိရသည်။
ရွေးချယ်ခံရသည့် အသက် ၁၅ နှစ်အောက်လူငယ်များသည် ရခိုင်ယူနိုက်တက် ယူ - ၁၅ အသင်းနှင့် အသက် ၂၂ နှစ်အောက်လူငယ်များသည် ရက္ခပူရယူနိုက်တက် အသင်း (နေရှင်နယ်လိဂ် - ၂) တို့ဖြင့် ပူးပေါင်းလေ့ကျင့်ကစားသွားရမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ (NN – 25) ဓာတ်ပုံ - ရက္ခပူရ ယူနိုက်တက် အသင်း