စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေသည့် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်း ပဲခူးအသင်းနှင့် စက်တင်ဘာ ၂ ရက်နေ့ ကစားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 594

(အနိုင်ရရှိပါက ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နိုင်မည်)

အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေသည့် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် ပထမရာသီဝက်နောက်ဆုံးပွဲစဥ်ကို မနက်ဖြန်တွင် ပဲခူးအသင်းနှင်ယှဥ်ပြိုင် ကစားရမည်ဖြစ်ပြီး  အနိုင်ရရှိပါက ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နိုင်မည်ဟု အသင်းတာဝန်ရှိသူများက နိရဉ္စရာသို့ပြောသည်။

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် FIFA-MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် ယှဥ်ပြိုင်ကစားနေပြီး ပထမရာသီဝက်အတွင်း ၁၀ ပွဲယှဥ်ပြိုင်ကစားထားပြီး ၉ ပွဲအနိုင်ရရှိကာ တစ်ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေသည်။

မနက်ဖြန် စက်တင်ဘာလ ၂ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြက်ခင်းတုကွင်း၌ ပဲခူးအသင်းနှင့် ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။



အနိုင်ရရှိပါက အောက်မြန်မာပြည် (ရန်ကုန်ဇုန်)ပြိုင်ပွဲတွင် ရာသီဝက်ချန်ပီယံအဖြစ်ရပ်တည်နိုင်မည်ဟု ရခိုင်ယူနိုက်တက်ဘောလုံးအသင်း(RUFC)မန်နေဂျာ ဦးအောင်မြင့်ထွန်းက ပြောသည်။

"ရခိုင်ယူ- ၁၅ အသင်းရဲ့ ပထမရာသီဝက်နောက်ဆုံးပွဲလည်း ဟုတ်ပါတယ်။ ပဲခူးအသင်းကိုနိုင်ရင်တော့ ရာသီဝက်ချန်ပီယံဖြစ်မှာပါ" ဟု သူကပြောသည်။

ဩဂုတ်လ ၂၆ ရက်က အာသာဝတီအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သည့်ပွဲစဥ်တွင် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းက ၇- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဩဂုတ်လ ၁၉ ရက်ကလည်း ရာမညအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ၂ မှတ်ဖြတ်ကာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်းက ထုတ်​ပြန်ခဲ့သည်။

ရခိုင်ယူနိုက်တက် ယူ - ၁၅ အသင်းမှာ ဩဂုတ် ၁၃ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့်  Sporting Hanthar အသင်းနှင့် ပွဲစဉ်တွင်လည်း  ၅ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ဩဂုတ်လ ၅ ရက်က ဗဟန်းမြက်ခင်းတုကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သည့် Young Boys အသင်းနှင့် ပွဲစဥ်တွင်လည်း ၁၂  - ၀  ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါအောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပွဲစဥ်တွင် ရခိုင်ယူ- ၁၅ အသင်းက အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေဆဲဖြစ်ပြီး အသင်းမှကစားသမားနှစ်ဦးလည်း ပွဲစဥ်တစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ကျောနံပါတ်- ၉ ညီညီသန့်က ၁၇ ဂိုးနှင့် ကျောနံပါတ်- ၁၀ စွမ်းဇာနည်က ၁၆ ဂိုးဖြင့် သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေခြင်းဖြစ်သည်။

FIFA-MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပြိုင်ပွဲ၏ ပွဲစဥ်ဒုတိယအကျော့ကို စက်တင်ဘာလ ၁၅ ရက်တွင်ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (NN-23)

 

ဓာတ်ပုံ - RUFC

ဆက်စပ် သတင်းများ