ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ (၈)ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏၂၀၂၂ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ပေးအပ်ချီးမြှင့်ပွဲကို အောက်တိုဘာလ (၃၀)ရက်နေ့က ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၈)ကြိမ်မြောက်အဖြစ် စံချိန်တင် ဆွတ်ခူးရရှိသွားခဲ့သည်။

လက်ရှိ အမေရိကန် မေဂျာလိဂ် အင်တာမီယာမီကလပ်တွင် ကစားနေသော မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၀၉ ခုနှစ်က စတင် ရရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် (၈)ကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ကစားခဲ့သည့် မက်ဆီအား ဖီဖာအဖွဲ့ဝင်နိုင်ငံများက အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

“ ကျွန်တော် ၂၀၂၁ တုန်းကလည်း အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ရရှိခဲ့တယ်။ အခုတစ်ခါလည်း အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂုဏ်ပြုခံရတဲ့ အတွက် အတိုင်းမသိ ပိုပြီး ဝမ်းသာရပါတယ်” ဟု မက်ဆီက ဆုလက်ခံရယူအပြီးတွင် ပြောကြားခဲ့သည်။

၂၀၂၂ ကာတာဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားသည် ပြင်သစ်အား အကြိတ်အနယ်ကစားပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကာ မက်ဆီက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု လက်ခံရရှိခဲ့သည်။

၂၀၂၃ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲတွင် မန်စီးတီး နှင့် နော်ဝေတိုက်စစ်မှူး ဟာလန်းက ဒုတိယ၊ ပြင်သစ်တိုက်စစ်မှူး ဘာပေး က တတိယ နှင့် မန်စီးတီးမှ ဒီဘရိုင်းက စတုတ္ထဆုအသီးသီး ချီးမြှင့်ခံခဲ့ရသည်။

NN-27

ref:AFP

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!