တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်ယူနိုက်တက် U-15 အသင်း ရာမညအသင်းကို အနိုင်ရပြီး အောက်မြန်မာဇုန်ချန်ပီယံဆု ဆွတ်ခူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ယူနိုက်တက် U-15 ဘောလုံးအသင်းသည် ယနေ့မနက်ပိုင်းက ယှဥ်ပြိုင်ကစားခဲ့သည့် ရာမညဘောလုံးအသင်းနှင့်ပွဲစဥ်တွင် အနိုင်ရရှိပြီး အောက်မြန်မာဇုန်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီဟု ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၂၀၂၃ မြန်မာနိုင်ငံ ဘောလုံးဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံံးအဖွဲ့ချုပ်(FIFA)တို့ကြီးမှူးကျင်းပသည့် ပွဲစဉ်(၂၀) အဖြစ် ရခိုင်ယူနိုက်တက်ယူ ၁၅ အသင်းနှင့် ရာမည ယူ ၁၅ ဘောလုံး အသင်းတို့ ယနေ့နံနက် ၈ နာရီတွင်ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းဘေး စက်ဘီးလေ့ကျင့်ရေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ယှဥ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက် U-15 အသင်းက ရာမညအသင်းကို ၅-၄ ဂိုးဖြင့်အနိုင်ရရှိပြီး အောက်မြန်မာပြည်ချန်ပီယံဖြစ်သွားပြီဟု ရခိုင်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးလှကျော်ဝင်းက နိရဥ္စရာသို့ပြောသည်။

"ကျွန်တော်တို့ ယူ-၁၅ လူငယ်အသင်းက အခုရာမညအသင်းနဲ့ ယှဥ်ပြိုင်ကစားတာ ၅-၄ ဂိုးနဲ့နိုင်ပါတယ်။ အခုပွဲစဥ်နိုင်တဲ့အတွက် အောက်မြန်မာဇုန်ချန်ပီယံဖြစ်သွားပါပြီ" ဟု ပြောသည်။

ပွဲချိန်ပထမပိုင်းတွင် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းက ပွဲချိန်ပထမပိုင်းမှာ ၂-၁ ဂိုးဖြင့် ဦးဆောင်ကစားခဲ့ပြီး ပွဲအပြီးရလဒ်မှာ ၅- ၄ ဂိုးဖြစ်သည်။

ယနေ့ပွဲစဥ်တွင် ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းအတွက် ကျောနံပါတ်(9) ညီညီသန့်က ၃ ဂိုး၊ ကျောနံပါတ်(10) စွမ်းဇာနည်က ၁ ဂိုး၊ ကျောနံပါတ်(77) မင်းကိုက ၁ ဂိုးစီအသီးသီးသွင်းယူပေးခဲ့သည်။

ရခိုင်ယူနိုက်တက် ယူ-၁၅ လူငယ်ဘောလုံးအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် FIFA-MFF U-15 Youth Leauge 2023 ၏ အောက်မြန်မာဇုန်ပြိုင်ပွဲတွင် ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ပွဲစဥ်တစ်လျှောက် ပွဲ ၂၀ ယှဥ်ပြိုင်ကစားခဲ့ရာ ၁၈ ပွဲနိုင်၊ ၂ ပွဲသရေရလဒ်ဖြင့် အောက်မြန်မာဇုန် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ (NN-23)


ဓာတ်ပုံ - RUFC

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!