စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

FIFA-MFF U-15 Youth League ဆုဖလားဗိုလ်လုပွဲတွင် ရခိုင်ယူနိုက်တက် ယူ၁၅အသင်းက ရှမ်းတောင်အသင်းထံ ၃-၁ ဂိုးဖြင့် ရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 478

ရခိုင်ယူနိုက်တက် ယူ- ၁၅ လူငယ်ဘောလုံးအသင်းနှင့် ရှမ်းတောင် ယူ- ၁၅ လူငယ်ဘောလုံး အသင်းတို့သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာနှင့် မြန်မာနိုင်ငံဘောလုံးအသင်းချုပ်တို့ကြီးမှူးကျင်းပသည့် FIFA-MFF U-15 Youth League 2023 ချန်ပီယံဆုဖလား ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၁ ရက် ညနေက အကြိတ်အနယ် ယှဥ်ပြိုင်ကစားခဲ့​ပြီး ရှမ်းတောင်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

 ယနေ့ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ နှစ်ဘက်အကြိတ်အနယ် ယှဥ်ပြိုင်ကစားသွားခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိသည့် ရှမ်းတောင်အသင်းက ဆုဖလားကိုဆွတ်ခူးရရှိခဲ့ပြီး ရခိုင်ယူ- ၁၅ အသင်းအနေဖြင့် ဒုတိယဆုရရှိခဲ့သည်။

 

ရခိုင်ယူ- ၁၅ အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲကစားချိန် ၂၁ မိနစ်တွင် ကျောနံပါတ်(၉) ညီညီသန့်က သွင်းယူပေးခဲ့ပြီး ပွဲချိန်ပထမပိုင်းမှာပင် ရှမ်းတောင်အသင်းက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

 

ပွဲချိန်ဒုတိယပိုင်းတွင် ရှမ်းတောင်အသင်းက အနိုင်ဂိုး ၂ ဂိုးထိထပ်မံ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ပြီးဆုံးသည် အထိ ရခိုင်ယူ- ၁၅ အသင်းကချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့၍ ရှမ်းတောင်အသင်း ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။


 

ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းမှာ FIFA-MFF U-15   Youth League အောက်မြန်မာပြည် (ရန်ကုန်ဇုန်) ပြိုင်ပွဲတွင် ချန်ပီယံဆွတ်ခူးထားပြီး ရှမ်းတောင် ယူ- ၁၅ လူငယ်အသင်းမှာလည်း အထက်မြန်မာပြည်(မန္တလေးဇုန်)ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးထားခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် အောက်မြန်ပြည်(ရန်ကုန်ဇုန်) ပွဲစဥ်တစ်လျှောက် ၂၂  ပွဲယှဥ်ပြိုင်ကစားခဲ့ရာ ၁၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲမရှိရလဒ်ဖြင့်  အောက်မြန်မာပြည် ချန်ပီယံ အဖြစ်ရပ်တည်ခဲ့သည်။ 

ရှမ်းတောင် လူငယ်အသင်းမှာ အထက်မြန်မာပြည်(မန္တလေးဇုန်)ပြိုင်ပွဲတွင် ၁၂ ပွဲကစား ၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ ၊တစ်ပွဲရှုံးရလာဒ်ဖြင့် အထက်မြန်မာပြည်ချန်ပီအဖြစ်ရပ်တည်ခဲ့သည်။



 

အဆိုပါအထက်မြန်မာပြည်ချန်ပီယံအသင်းနှင့် အောက်မြန်မာပြည်ချန်ပီးအသင်းတို့ ဆုဖလားဗိုလ်လုပွဲ အကြိတ်အနယ်ယှဥ်ပြိုင်ကစားရာ ရှမ်းတောင်အသင်းကအနိုင်ရရှိပြီး ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ FIFA- MFF U-15 Youth League ပြိုင်ပွဲ၏ တတိယနေရာလုပွဲကိုလည်း အောက်မြန်မာဇုန်မှ ရာမညအသင်းနှင့် အထက်မြန်မာဇုန် ချင်းတွင်းစတားအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ရာမညအသင်းက ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။

 

ယခု FIFA- MFF U-15 Youth League ပြိုင်ပွဲတွင် ပထမဆုဖလားချန်ပီယံအသင်းအား ကျပ်သိန်း ၅၀ နှင့်ဆုတံဆိပ်များ ၊ဒုတိယဆုရအသင်းကို ကျပ်သိန်း ၃၀ နှင့်တတိယဆုရအသင်းကို ကျပ်သိန်း ၂၀ ခန့်အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။(NN-23)


ဆက်စပ် သတင်းများ