တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

အာရှဖလားရင်ခုန်သံ.. ၂၀၂၄။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 335

ကမ္ဘာကြီးရဲ့နေရာတချို့မှာ စစ်ပွဲတွေ မီးဟုန်းဟုန်းတောက်လောင်နေပေမယ့် ကမ္ဘာကြီးရဲ့ တစ်နေရာမှာတော့ ဘောလုံးပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ ဒီရက်ထဲ အာရှဘောလုံး ပြိုင်ပွဲတွေက စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ AFC Asian Cup 2024 ဘောလုံးပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလိုပဲ မြိုင်ဆိုင်လှတယ်။ မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ကွင်းတွေက အဆင့်မြင့်သလို ရုပ်သံထုတ်လွှင့်မှုတွေကလည်း အဆင့်မြင့်လှတယ်။

အာရှဖလားကျင်းပရာ ကာတာဟာ အခု စစ်ဖြစ်နေတဲ့ ဂါဇာ နဲ့ သိပ်မဝေးလှပါဘူး။ အခုကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲမှာ အနောက်အာရှက နိုင်ငံတွေ၊ အလယ်အာရှက နိုင်ငံတွေ ပါဝင်ကြတယ်။ ပြောရရင် ပါလက်စတိုင်း ပါတယ်။ ဆီးရီးယား ပါတယ်။  လက်ဘနွန် ပါတယ်။ ဂျော်ဒန် ပါတယ်။ အိုမန် ပါတယ်။ ဆော်ဒီအာရေဗျ ပါတယ်။ ကာတာ ပါတယ်။ အီရတ် ပါတယ်။ အီရန် ပါတယ်။

တစ်ဖက်မှာ အစ္စရေးနဲ့ စစ်ပွဲဆင်နွှဲနေတဲ့ ပါလက်စတိုင်းအပါအဝင် အာရပ်နိုင်ငံအများအပြား ပါဝင်တယ်။ ကွင်းထဲကြည့်လိုက်တော့ ပါလက်စတိုင်း ပရိသတ်တွေ အလံကိုယ်စီ နဲ့ တွေ့ရသလို အီရတ်၊ အီရန်၊ ဆော်ဒီ ပရိသတ်တွေ ဂျော်ဒန်ပရိသတ်တွေ ပွဲကြည့်စင်မှာ ဗုံတွေတီး၊ အလံတွေမြှောက် အားပေးနေကြတာတွေ့ရတယ်။


ဒီအထဲမှာ အီရန်အမျိုးသမီးလေးတွေ၊ တာဂျီ၊ ကာဂျစ်က လာအားပေးတဲ့ မိန်းကလေး ပရိသတ်တွေလည်း ပါတာပေါ့။ ဘာသာရေးနဲ့ ပတ်သက်ပြီး အယူသည်းမှု အနိမ့်အမြင့်မတူတဲ့ အာရပ်နိုင်ငံတွေမှာ ဘောလုံးပွဲကြည့်တဲ့ မိန်းကလေးပရိသတ် အင်မတန်နည်းပါတယ်။ ဆော်ဒီ ၊ ကာတာတို့ပွဲတွေမှာ အမျိုးသမီးပရိသတ် လုံးဝနီးပါး မရှိပေမယ့် အီရန်ပွဲမှာတော့တွေ့ရတယ်။

မွတ်ဆလင်နိုင်ငံချင်းတူတူ တရုတ်၊ ရုရှား သွေးနှော ကာဂျစ္စတန်၊ တာဂျီကစ္စတန် ပွဲတွေမှာတော့ အမျိုးသမီး ပရိသတ်တွေ အများကြီးတွေ့ရတယ်။

ပြောပြစရာ အများကြီးရှိတာကတော့ အာရှအသင်းတွေပါပဲ။ အာရှဘောလုံးကျားတွေဖြစ်တဲ့ ဂျပန်တို့ ကိုးရီးယားတို့ပွဲတွေမှာ လာအာပေးကြတဲ့ ကိုးရီးယားမလေးတွေ၊ ဂျပန်မလေးတွေ တွေ့ရသလို အရှေ့တောင်အာရှက ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားက လာအားပေးကြတဲ့ အမျိုးသမီး ပရိသတ် အချောအလှတွေလည်း မနည်းမနောပဲ။ ပျော်စရာကြီး။

အနောက်အာရှက ဘောလုံးအသင်းတွေအကြောင်း မပြောခင် အရှေ့အာရှက ဘောလုံးအသင်းတွေ အကြောင်း ပြောချင်တယ်။ ဒီနှစ် အာရှဖလားပွဲဟာ အာရှအသင်းတွေအတွက် ထူးခြားတဲ့မှတ်တိုင် စိုက်နိုင်တဲ့ နှစ်တစ်နှစ်လို့ ဆိုရမယ်။

သမိုင်းတစ်လျှောက် တစ်ခါမှ နောက်တစ်ဆင့်မတက်ခဲ့ဖူးတဲ့ အင်ဒိုနီးရှားဟာ အကောင်းဆုံး တတိယအသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်သွားပါပြီ။ အင်ဒိုဟာ ဗီယက်နမ်ကို ၁-၀ နဲ့ အနိုင်ရတဲ့ သုံးမှတ်ထဲနဲ့ နောက်တစ်ဆင့် တက်သွားတာပါ။


ဒီနှစ် အာရှဖလားမှာ အထူးခြားဆုံး လုပ်ပြနိုင်တာက အရှေ့တောင်အာရှ နိုင်ငံတွေပါ။ အင်ဒိုက ၁၆ သင်းအဆင့်ကို တက်သွားသလိုပဲ ထိုင်းကလည်း အုပ်စု ဒုတိယ နဲ့ နောက်တစ်ဆင့်ကို တက်သွားပါပြီ။ ထိုင်းအသင်းဟာ အုပ်စုတွင်း သုံးပွဲကစားရာမှာ ရှုံးပွဲ လုံးဝမရှိဘဲ နိုင်ပွဲတစ်ပွဲ သရေ နှစ်ပွဲ ငါးမှတ်နဲ့ နောက်တစ်ဆင့် တက်သွားခဲ့တာပါ။

ထိုင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဟာ အင်အားတောင့်တင်းတဲ့ ဆော်ဒီအာရေဗျဖြစ်ပြီး ဒီအသင်းကို နာမည်ကျော် အီတလီနည်းပြကြီး မန်ချီနီ ကိုင်တွယ်နေတာပါ။ ဂိုးမရှိ သရေကျခဲ့တဲ့ ဒီပွဲမှာ ထိုင်းဂိုးသမား ဆာရာနွန် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့သလို ထိုင်းရဲ့ တန်ပြန်တိုက်စစ်က ဂိုးတွေရခဲ့ပေမယ့် VAR အဆုံးအဖြတ်ကြောင့် ဂိုးမရခဲ့ဘူး။

ခု အာရှဖလားပွဲမှာ ထိုင်းအသင်း အတော်တိုးတက်လာတာ မြင်ရသလို ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား အသင်းတွေလည်း အာရှထိပ်သီး ဂျပန်၊ ကိုးရီးယားတွေကို အကောင်းဆုံ ခံကစား ပြနိုင်ရုံသာမက ကြံ့ခိုင်မှုသာလွန်တဲ့ အနောက်အာရှအသင်းတွေကိုလည်း ကောင်းကောင်းကြီး ရင်ဆိုင်နိုင်တာ တွေ့ရတယ်။

ဗီယက်နမ်အသင်းဟာ ဂျပန်၊ အီရတ် အစရှိတဲ့အသင်းကြီးတွေကို အကောင်းဆုံးတုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ဒေသတွင်းပြိုင်ဘက် အင်ဒိုကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ပျက်ခဲ့တယ်။

ဗီယက်နမ်-ဂျပန်ပွဲစဉ်မှာ ပထမပိုင်းမှာ ဗီယက်နမ်က ဂျပန်ကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ပေမယ့် ပွဲအပြီးမှာ ၄-၂ နဲ့ ရှုံးသွားရတယ်။ အီရတ်ကို တစ်ယောက်လျော့နဲ့ ချေပဂိုးသွင်းတဲ့အချိန်မှာ ၂-၂ ဖြစ်ခဲ့ပေမယ် ထပ်ဆောင်းချိန်ပို ၁၂ မိနစ်မှာ အီရတ်က ပွဲသိမ်းဂိုးသွင်းလို့ ရှုံးခဲ့ရတယ်။


အာဆီယံအသင်းတွေမှာ နောက်တစ်ဆင့်မတက်ပေမယ့် ခြေစွမ်းပြခဲ့တာ မလေးရှားပါ။ မလေးရှားဟာ အုပ်စုနောက်ဆုံးပွဲမှာ ဆွန်ဟောင်မင်တို့ပါတဲ့ တောင်ကိုးရီးယားကို ၃-၃ နဲ့ သရေကျအောင် ကစားနိုင်ခဲ့တယ်။

အာရှဖလားပြိုင်ပွဲမှာ အာဆီယံအသင်းတွေနဲ့ အနောက်အာရှအသင်းတွေကြား အဓိက ကွာခြားချက် တစ်ခုက ကြံ့ခိုင်မှုပါ။ ဥရောပနဲ့ နီးတဲ့ အနောက်အာရှ နိုင်ငံအသင်းတွေက လူကောင်ထွားပြီး ကြံ့ခိုင်မှုအပြင် speed နဲ့ skill တွေလည်း ကောင်းကြတော့ တကယ်တန်း နင်လားငါလား ကစားကြတဲ့အခါ လူကောင်ညှက်တဲ့ အာဆီယံအသင်းတွေ မလိုက်နိုင်ကြတော့ဘူး။

ဒီတော့လည်း အာဆီယံအသင်းတွေဖြစ်တဲ့ အင်ဒိုနီရှား၊ မလေးရှား အသင်းတွေမှာ မွေးစားသားတွေ ထည့်ကစားတာတွေ့ရတယ်။ ထိုင်းတို့ ဗီယက်နမ်တို့လည်း မွေးစားသားတစ်ယောက်စ နှစ်ယောက်စ ပါတယ်။

အာရှအသင်းတွေထဲမှာ ချန်ပီယံဖလားကို ချိန်ရွယ်နိုင်တဲ့ အသင်းနှစ်သင်းကတော့ ဂျပန် နဲ့ ကိုးရီးယားပါပဲ။ ဂျပန်ဟာ အာရှအသင်းတသင်းဖြစ်ပေမယ့် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က ဥရောပထိပ်တန်းအသင်းတွေကို ကောင်းကောင်းယှဉ်နိုင်ပြီး တစ်ဦးချင်းရော အသင်းလိုက်ပါ ကြည့်ရတာ မြိုင်လှတယ်။ ဂျပန်က လက်ရှိမှာအကောင်းဆုံးအသင်းဖြစ်သလို အာရှဖလားကိုလည်း လေးကြိမ်အထိ ရထားတဲ့အသင်းပါ။


အာရှအသင်းတွေအကြောင်း ပြောတဲ့အခါ တရုတ် နဲ့ အိန္ဒိယအသင်းတွေအကြောင်းလည်း ပြောဖို့လိုလာတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား အာရှက ခြေစစ်ပွဲအောင်လာတဲ့အသင်းတစ်သင်းက ဟောင်ကောင်ပါ။

အိန္ဒိယရော၊ ဟောင်ကောင်ရော တရုတ်ပါ နိုင်ပွဲတစ်ပွဲမှ မရဘဲ အိမ်ပြန်သွားကြပါပြီ။ တရုတ်ဆိုရင် သုံးပွဲကစားရာမှာ ကာတာကို ပေးဂိုးတစ်ဂိုးနဲ့ ရှုံးရတာကလွဲပြီး ကျန်နှစ်ပွဲ(လက်ဘနွန်နဲ့ တာဂျီကစ္စတန်) မှာ ဂိုးလည်းမသွင်းနိုင် ဂိုလည်း မပေးရ (၀-၀) ရလဒ်နဲ့ ထွက်ခဲ့ရတယ်။

အိန္ဒိယလည်း နိုင်ပွဲမရှိပေမယ့် ချီးကျူးစရာရှိတယ်။ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ အရာမဝင်ခဲ့တဲ့ အိန္ဒိယကလည်း တဖြည်းဖြည်းနဲ့ ရှေ့ရောက်လာပြီ။ အိန္ဒိယလိဂ်ဟာ ခုအဆင့်မြင့်လာပြီဖြစ်လို့ နောက်ဆို အိန္ဒိယလည်း လျှော့တွက်လို့ မရတော့ဘူး။

အာရှဖလားမှာ အာဆီယံနိုင်ငံတွေ တိုးတက်လာတာကတော့ ဒီနှစ် ကာတာ အာရှဖလားရဲ့ ထူးခြားမှုလို့ပဲ ဆိုရမယ်။ မကြာခင်ရက်များမှာ ဒုတိယဆင့် ၁၆ သင်း ပွဲစဉ်တွေ ကစားကြတော့မှာမို့လို့ အာဆီယံက ထိုင်းတို့ အင်ဒိုတို့ကို ဆက်ပြီး အားပေးကြရဦးမှာပါ။ အင်ဒိုနီးရှားဟာ အုပ်စုအကောင်းဆုံးတတိယရ အသင်းလေးသင်း (ဆီးရီးယား၊ ပါလက်စတိုင်း၊ ဘာရိန်း) ထဲမှာ (တစ်ပွဲပဲအနိုင်ရပြီး သုံးမှတ်နဲ့) နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

CWM ​and Photo: Internets

26-1-2024 

 

ဆက်စပ် သတင်းများ