ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ကို (၂-၁)ဖြင့် ရခိုင်ယူနိုက်တက် ခြေစွမ်းပြပြီးအနိုင်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 274

နိရဉ္စရာ၊ ပြီ ၆/၂၀၂၄ (အားကစား)

၂၀၂၄ ခုနှစ်၊ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ဖလား ဘောလုံးပြိုင်ပွဲ ( MNL League Cup) အုပ်စုပွဲစဉ်များကို ဧပြီလ ၅ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက နာမည်ကြီး လက်ရှိ MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို (၂-၁ ) အနိုင်ရရှိသွားခဲ့သည်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကစားခဲ့သည့် ယခုပွဲစဉ်တွင် ရခိုင်ယူနိုက်တက်က ပထမပိုင်း ၂၂ မိနစ်တွင် ကောင်းစည်သူ၏ သွင်းဂိုးဖြင့် ဦးဆောင်ထားပြီး ဒုတိယပိုင်း ၈၀ မိနစ်တွင် ထရာအိုရေးက ဒုတိယဂိုး သွင်းကာ ရှမ်းယူနိုက်တက်ကို ဦးဆောင်ထားခဲ့သည်။


ရှမ်းယူနိုက်သည် ၉၀ မိနစ်ကျမှ ချေပဂိုးသွင်းနိုင်ပြီး ပွဲအပြီးတွင် ရခိုင်ယူနိုက်တက်က ၂-၁ ဖြင့် အနိုင်ရသွားသည်။ ယခုဘောလုံးရာသီတွင် ရခိုင်ယူနိုက်တက်သည် ငွေကြေးစိုက်ထုတ်မှုများစွာဖြင့် အသေအချာပြင်ဆင်ထားပြီး ပေါ်တူဂီနိုင်ငံသား နည်းပြတစ်ဦးကို ခေါ်ယူထားသလို ဝါရင့် မြန်မာ့လက်ရွေးစင်ဟောင်း ဦးကြည်လွင် ကိုလည်း နည်းပြအဖြစ် ခေါ်ယူထားကာ နိုင်ငံခြားသားကစားသမားများလည်း ဖြည့်တင်းထားသည်။

ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း၏ ပံ့ပိုးမှုဖြင့် တည်ထောင်ထားသော ရှမ်းယူနိုက်တက်မှာ ပြီးခဲ့သည့်နှစ် MNL အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းက တာဝန်ယူလျှက်ရှိသည်။


ယခုကဲ့သို့ MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံရှမ်းယူနိုက်တက်အား အနိုင်ရရှိခဲ့ခြင်းသည် ရခိုင်ယူနိုက်တက်၏ အောင်မြင်မှု ခြေလှမ်းတစ်ခုဖြစ်သည်။

ရခိုင်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့သည် ပြီးခဲ့သည့် MNL လိဂ်ပွဲစဉ်တွင် တွေ့ဆုံခဲ့ကြစဉ် ရှမ်းယူနိုက်တက်က (၂-၁) အနိုင်ရရှိထားသည်။

ဆက်စပ် သတင်းများ