စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည် ထူးချွန်ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ချီးမြှင့်ခြင်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၆ /၂၀၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၃၄ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် AFC Distinguished Service Award ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများထံမှ သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုတစ်ခုဖြစ်သည့် အဆိုပါဆုအား ဦးဇော်ဇော်၏ ကိုဗစ်ကပ်ရောဂါကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများနှင့် အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး FIFA ဥက္ကဋ္ဌ Mr Gianni Infantino နှင့် AFC ဥက္ကဋ္ဌ Mr SHAIKH SALMAN BIN EBRAHIM AL KHALIFA တို့ကိုယ်တိုင် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

AFC Distinguished Service Award ဆုတံဆိပ်သည် အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ်ထမ်းရွက်မှုများ၊ ဘောလုံးအားကစား နှင့်အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုပေးအပ်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုဖြစ်သည်။

အခမ်းအနားတွင် အာရှဘောလုံးအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr Datuk Seri Windsor John က ဦးဇော်ဇော်သည် ကိုဗစ်ကပ်ရောဂါ ဆိုးရွားစွာရင်ဆိုင်ရချိန်တွင် ရန်ကုန်မြို့၌ ICU/HDU ပါ ကုတင်(၁၀၀၀) ကိုဗစ်စင်တာ၊ မန္တလေးမြို့၌ (၃၇၅)ကုတင်ဆံ့ ကိုဗစ်စင်တာတို့ကို တည်ဆောက်၍ ကိုဗစ်လူနာ (၁၂၀၀၀)ကျော်ကို အခမဲ့ ကုသပေးခဲ့ကြောင်း၊ အခမဲ့ကိုဗစ်စစ်ဆေးရေးစင်တာများကိုလည်း ဆောက်လုပ်၍ လူဦးရေ (၂၂၀၀၀)ကျော်ကို စစ်ဆေးပေးခဲ့ကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူချိန်မှစ၍ ဘောလုံးလောကနှင့် လူသား အကျိုးပြုလုပ်ငန်းစဉ်များတွင် အစဉ်တစိုက် တက်ကြွစွာ ပါဝင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ်၏ Senior Vice President အဖြစ်တာဝန်ယူ ဆောင်ရွက်နေပြီး AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ AFC Dream Asia Foundation ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ-Zaw Htike

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!