စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်မှ ခမောင်းတောကျေးရွာကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၆ / ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက် (စစ်တွေ ရွှေမင်းဂံဆိပ်ကမ်း တစ်ဖက်တချက်) ရှိ  ခမောင်းတော ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတရာ မရှိဘဲ စစ်ကောင်စီမှ ဒရုန်းဖြင့် နှစ်ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေ အခြေစိုက် စစ်ကောင်စီတပ်များက ၎င်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ဇွန် ၅ ရက်နှင့် ဇွန် ၄ ရက်နေ့များတွင်  (၂) ကြိမ်တိုင်တိုင် ခမောင်းတောကျေးရွာကို ဒရုန်းများဖြင့် ပျံဝဲ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘဲ‌နဲ့ မနေ့ နေ့လယ်ကရော၊ ဟိုတစ်နေ့ကရော ကျွန်တော်တို့  ခမောင်းတောရွာကိုတိုက်ခိုက်ပါတယ်။ မနေ့က  ဘုန်းကြီးကျောင်းကို ဒရုန်းဗုံး ၉ လုံး ကြဲချသွားတယ်။ ဟိုတစ်နေ့ကတော့ အိမ်နှစ်ဆောင်ကို ပစ်သွားတယ်။ လူတွေက ရွာကို အရင်ကတည်းက စွန့်ခွာသွားခဲ့ကြလို့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူး" ဟု ပြောသည်။

ခမောင်းတောကျေးရွာသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က တစ်ရွာလုံး မီးရှို့ခံခဲ့ရသည့် ရဲရိုးပြင် ကျေးရွာအနီးတွင် တည်ရှိပြီး အဆိုပါဖြစ်စဉ်အတွင်း ခမောင်းတောရွာတွင်လည်း နေအိမ် ၁၆ လုံး မီးရှို့ခံခဲ့ရသည်။ ထိုဖြစ်စဉ် ဖြစ်ပွားပြီးကတည်းက ရွာသားများ  ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု​ သိရသည်။

“ ဘာကြောင့် ဒရုန်းနဲ့ လာတိုက်ခိုက်တယ်ဆိုတာကို အတိအကျမသိရဘူး။ သူတို့က အေအေ တပ်တော်ရှိတယ်ထင်လို့ ဗုံးကြဲတိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဒရုန်းတွေကို စမ်းသပ်ပျံသန်းပြီး ရွာတွေကို ဗုံးကြဲချတာလည်း ဖြစ်နိုင်တယ်။ အရပ်သားတွေ အနေနဲ့ အတိအကျ မသိနိုင်ဘူး”ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီတပ်သည် စစ်တွေမြို့ပြင်ရှိ မြို့နယ်အတွင်းက ဝါဘို၊ ချီလည်ပင်း၊ တောကန်စသည့် ကျေးရွာများအပြင် စစ်တွေမြို့နယ်နှင့် ဆက်စပ်တည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများကိုလည်း မကြာခဏ ဒရုန်းများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုများရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများရှိနေသလို နေအိမ်များ မီးလောင်မှုများရှိနေကြောင်း သိရသည်။

စစ်တွေမြို့ အနီးရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များကို အာရက္ခတပ်တော်က သိမ်းပိုက် ရရှိထားပြီ ဖြစ်သော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ဒရုန်းအပါအဝင်  လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုရှိနေသလို ရေတပ်နေဗီများမှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ