စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA၏ ထိုးစစ်ကြောင့် ဇွန်လပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ အထက်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၇ / ၂၀၂၄

ရခိုင်ပြည်တွင်းလက်ရှိ အာရက္ခတပ်တော်ကထိုးစစ်ဆင်နေသည့် မြို့နယ်သုံးခုမှ ဇွန်လပထမပတ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ဦးအထက်သေဆုံးမှု ရှိခဲ့ကြောင်း အာရက္ခတပ်တော်က ဇွန်လ ၇ ရက်တွင်ထုတ်ပြန်သည်။

ဇွန်လပထမပတ်အတွင်း မောင်တောမြို့နယ်၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်အမ်းမြို့နယ်နှင့် သံတွဲတို့တွင် အဓိကတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဆက်လက်ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါဇွန်လပထမပတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ အထက်သေဆုံးမှုရှိပြီး သေဆုံးသူများထဲတွင် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများပါဝင်ခဲ့သည်ဟုဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အ​ခြေစိုက်အမ်းနှင့် သံတွဲမြို့နယ်ဘက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း AA ကထုတ်ပြန်သည်။

" ဇွန်လ၊ ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။

အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။

အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့သည်။ " ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သံတွဲမြို့နယ်၊ ငပလီမြို့၊ဂေါ့ရပ်ကွက်အနီးတိုက်ပွဲတွင် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိသလို စစ်ကောင်စီ၏ Speed Boat တစ်စီးအား အာရက္ခတပ်တော်စစ်သည်များက နစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ