အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

"ကာလုံ ကို လွန်သော်"


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ဂျွန်နသန်/ နိရဉ္စရာ၊ (သုံးသပ်ဆောင်းပါး)၊ ဇူလိုင် ၂၉/၂၀၂၄

"ကာလုံ " အစည်းအဝေးကား မကြာမီရက်ပိုင်းအတွင်း လာတော့မည်။ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလက မဲမသာမှု အကြောင်းပြုပြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အရပ်သား အစိုးရထံမှ အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ထို့နောက်တွင်ကား မင်းအောင်လှိုင်နှင့် စစ်ကောင်စီ အာဏာသက်ဆိုးရှည်ရေးအတွက် "ကာလုံ" သည် အရေးပါသည့် တူးလ်တစ်ခုဖြစ်လာခဲ့သည်။

"အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ကို "ကာလုံ" ဟု အများက နားလည်ထားကြသည်။  ထို"ကာလုံ" အစည်းအဝေးကြီးသည်ကား မကြာမီရက်ပိုင်းအတွင်း လူမစုံ၊ တက်မစုံ ဖြင့် (ဇူလိုင်လ ၃၁ ရက်) တွင် တစ်ကျော့ပြန် လာပေဦးတော့မည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက စာအုပ်စိမ်းကို ကိုးကားပြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ(၃)ရပ်ကို လွှဲပြောင်းပေးခဲ့ရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အ​ရေး​ပေါ်အ​ခြေအ​နေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့ရသည်။ ထို့​နောက် အ​ရေး​ပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့ရာ ၂၀၂၄ခုနှစ် ၊ဇန်နဝါရီ(၃၁)ရက်တွင် (၅)ကြိမ်အထိတိုးခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် ကာလုံအစည်းအဝေးများတွင် မင်းအောင်လှိုင်က တိုင်းပြည်သည် သာမန် အခြေအနေမျိုး မဟုတ်၊ တိုင်းပြည် ကိုတည်ငြိမ်အောင်၊ ပုံမှန်အနေအထားရောက်အောင် ၊ သာမန်အနေထား ရောက်အောင် ဆက်လက်လုပ်ဆောင်ဖို့လိုသည်။ ထို့ကြောင့် အရေးပေါ်ကာလကို (၆)လ သက်တမ်း ထပ်တိုးပေးပါဆိုပြီးအစည်းအဝေးမှာ တင်ပြ။ ယာယီသမ္မတကလည်း ခေါင်းငြိမ့်ရုံမှတပါး အခြားမရှိ။ ကာလုံက မအလကို (၆)လ အာဏာသက်တမ်းတိုးပေးလိုက်ရသည်။

သည်လိုနှင့် စာအုပ်စိမ်းကို မှောက် ချင်သလိုမှောက်၊ လှန် ချင်သလိုလှန်၊ လိုသလို အနက်ဖွင့်ပြီး  "ကာလုံ" က နေတဆင့် မင်းအောင်လှိုင် အာဏာ အသက်ဆက်လာခဲ့သည်မှာ (၃)နှစ်ခွဲကာလအထိချဉ်းနင်း၀င်ရောက်လာခဲ့ပေပြီ။

အဖွဲ့၀င် (၁၁)ဦးရှိရမည့် "ကာလုံ" သည် ယခုအခါ အင်္ဂါကလည်း မပြည့်မစုံတော့ ၊ ခေါင်းကပြုတ်၊ လက်ကပြုတ်၊ ခြေကပြုတ်နှင့်။ အင်္ဂါမစုံမလင် ဖြစ် နေသည့် ဂီလာန"ကာလုံ"အစည်းအဝေး မည်သို့ မည်ပုံစခန်းသွားကြမည်ကို အားလုံးက စောင့်ကြည့်နေကြသည်။

စစ်တပ်က အာဏာမသိမ်းခင်ကာလတွင်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစု‌ပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းထားသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက်တွင် မှ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေး၀န်ကြီး၊ နိုင်ငံခြားရေး၀န်ကြီး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၉)ဦး ရှိခဲ့သည်။

ယခုအခါ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ သည်ဧပြီလ (၂၂)ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခံခဲ့ရသည်။ ယာယီသမ္မတ ဦးမြင့်ဆွေသည်လည်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည်။ ယာယီသမ္မတရော၊ ဒုတိယသမ္မတပါ မရှိတော့သည့် "ကာလုံ" မည်ကဲ့သို့ ခရီးဆက်မည် ဆိုသည်ကိုလည်းအားလုံးက သိချင်နေကြသည်။

အကင်းပါးသည့်မင်းအောင်လှိုင်က ထိုအခြေအနေကို လက်တစ်လုံးခြား အသုံးချ ကာ သူရူးသွပ်ခဲ့သည့်အရာကို အမိအရ ဆုပ်ကိုင်ခဲ့သည်။

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည်ဆိုသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏တာဝန်များ ကို နစကဥက္ကဋ္ဌဆီ တာ၀န်လွှဲပြောင်းပေးခဲ့သည်ဟု စကစသတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ(၂၂)နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဆိုရရင် "ကာလုံ"အစည်းအဝေးကို မင်းအောင်လှိုင်က ယာယီသမ္မတ အဖြစ် ဦးဆောင်ကျင်းပ တော့ မည်ဟုဆိုလိုခြင်းဖြစ်သည်။

ယခုကျင်းပတော့မည့် ကာလုံ အစည်းအဝေး အလွန်တွင် လည်း ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ အစိမ်းရောင်စာအုပ်ကြီးကိုခါးကြားထိုးပြီး အရူးက ကပြနေသည့် မင်းအောင်လှိုင် ဦးဆောင်သည့် စကစ တစ်ခန်းရပ်တော့မည်လား။ တရုတ်ကြီးရဲ့ဖိအားကိုမလွန်ဆန်နိုင်လို့ အတုယောင်ရွေးကောက်ပွဲလုပ်ဖို့အတွက် ကြားဖြတ်အစိုးရသစ်ပေါ်လာမည်လား စသည့်"လား" ပေါင်းများစွာမေးခွန်းများကလည်းထွက်ပေါ်လာလျက်ရှိသည်။

ယခုချိန်တွင်စစ်ကောင်စီသည် နိုင်ငံရေး ၊ စစ်ရေး၊ စီးပွားရေး၊ နယ်ပယ်စုံတွင် အနှုတ်လက္ခဏာ ပြနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးနှက်ချက်များကိုလည်းမရှုမလှခံနေရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကိုလည်းလက်လွှတ်ထားရသည်။ ပူပူနွေးနွေး၊သံတွဲ၊ မိုးကုတ်၊ စဉ့်ကူး၊လားရှိုး အပါအ၀င် မြို့ပေါင်း ၇၀ ကျော် ဆုံးရှုံးထားရသည်။ တပ်စခန်းရာ၊  ထောင်ပေါင်း များစွာ၊ ဆုံးရှုံးထားရသလို စစ်သားပြုန်းတီးမှုနှုန်းကလည်း အလွန်အမင်း မြင့်တက်လျက်ရှိနေသည်။

ကြွက်မနိုင်၊ကျီ မီးနှင့်ရှို့ ဆိုသည့် စစ်ရှုံးနေ သည့်စစ်ကောင်စီသည် လက်တုန့်ပြန်သည့်အနေဖြင့် အရပ်သားပြည်သူများကို ဦးတည်ပြီး လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် နိုင်ငံအနှံ့ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီက လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် တစ်လတာ ကာလအတွင်း အရပ်သား (၁၂၅)ဦးသေဆုံးခဲရပြီး (၁၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA က ဇူလိုင် ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။  ယခုရက်ပိုင်းအတွင်း ဖြစ်သည်။ အိမ်နီးချင်း ပေါက်ဖော်ကြီးဖြစ်သည့်တရုတ်၊ ဒေသတွင်း အင်အားကြီး အင်ဒိုနီးရှား ၊ ဒေသတွင်းအဖွဲ့ကြီးအာဆီယံ တို့သည်လည်း မနေသာသည့်အဆုံး ကမ္ဘာသိအောင် အသံထွက်ပြရတော့သည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာကြဖို့၊ ရန်လိုမှုတွေ အမြန်ဆုံး ရပ်တန့်ရေး၊ အငြင်းပွားမှုတွေကို ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ဖြေရှင်းကြ ဖို့တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ဇူလိုင် ၂၅ ရက်က တိုက်တွန်း ပြောဆိုသွားခဲ့သည်။

"မြန်မာ့အခြေအနေသည် (၃)နှစ်ကျော်ကာလအတွင်း တိုးတက်မှုမရှိဘဲ ကျင်းဆင်းလာနေသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်ပြည်တွင်းစစ်အပါအ၀င် နိုင်ငံရေးအကြပ်အတည်းပြဿနာကို စစ်အစိုးရက ဆွေးနွေးဖြေရှင်းလိုစိတ်မရှိဘူး" ဆိုပြီး အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးက ဇူလိုင် (၂၆)ရက်မှာ ပြစ်တင် ဝေဖန်လိုက် သည်ကိုလည်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာမှုအပေါ်  အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း ၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုများအပေါ် မိမိ တို့အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကလည်း ဇူလိုင်လ၂၆ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့်စကစသည် (၃)နှစ်ကျော်ကာလအတွင်းနိုင်ငံကို ချောက်အတွင်းသို့ မကျကျအောင်တွန်း ပို့နေခဲ့သည်။

ပြည်တွင်းကိုလွန်ပြီး ဒေသတွင်းကိုပါ ဂယက် ရိုက်လာသည့်အတွက်ကြောင့် အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများကပါ ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်လာရသည့်  အနေအထားမျိုး ဖြစ်လာခဲ့သည်။

ထွက်ပေါက်ပိတ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ကတ်ကို ထုတ်ထုတ်သုံးရသည့် အကြိမ်ကလည်း မနည်းတော့။ အကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြီးခဲ့သည့် အပတ်အတွင်း နှစ်ကြိမ်တိုင် သွားရောက် တွေ့ဆုံခဲ့ ကြောင်း ဘီဘီစီသတင်းက ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာ့စီးပွားရေးကိုကြည့်ရင်လည်း၊ ကုန်စျေးနှုန်းကတက်၊ ငွေဖောင်းပွမှုကမြင့် ၊ အမေရိကန် တစ်ဒေါ်လာ ၅၀၀၀ ကျပ်ဝန်းကျင်၊ အခေါက်ရွှေစျေး သိန်း ၆၀ ၀န်းကျင်နားအထိ စံချိန်တင် မြင့်တက် နေသည်ကိုကြည့်ရင် စစ်ကောင်စီ စီးပွားရေးကိုလည်း မထိန်းကျောင်းနိုင်တော့ သည်ကိုတွေ့ရသည်။

ဆိုရရင် ကျဆုံးနိုင်ငံဆီဦးတည်နေသည့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ ကို မင်းအောင်လှိုင် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကာလုံအလွန်  မင်းအောင်လှိုင်နှင့်စကစ ပုံပြောင်းမည်လား၊ တရုတ်နှပ်ကြောင်း ပေးသည့် ရွေးကောက်ပွဲအကြောင်းပြပြီး  ကြားဖြတ်အစိုးရဖွဲ့ကာ ကစားကွက် ပြောင်းမလား။ စောင့်ကြည့်ရပေတော့မည်။

(ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၁၃ နိုဝင်ဘာ ၂၀၂၃
အင်တာဗျူး