- Web Master
- ၂၈ သြဂုတ် ၂၀၂၄
အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၄
ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်မှ အမျိုးသားတစ်ဦးမှာဗုံးခိုကျင်းတူး၍ စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာ ခြင်းမရှိသေးကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ ကိုမောင်မောင်ချေဖြစ်ပြီး စေတီယျရပ်ကွက် ဈေးလမ်းဆုံအနီး နေထိုင်သူ ဖြစ်ကြောင်းသိရ သည်။
၄င်း၏အိမ်ကို မတ်လ ၃၁ ရက် ညအချိန်က ဧည့်စာရင်းစစ်စဉ် ဗုံးခိုကျင်းကို တွေ့ရှိသဖြင့် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"အိမ်ကို ဧည့်စာရင်း ဝင်စစ်ရင်း ဗုံးခိုကျင်းတွေ့လို့ဆိုပြီး အကြောင်းပြပြီး ဖမ်းသွားတာလို့ သိရတယ်။ ဒီနေ့အထိတော့ ပြန်မလွှတ်ပေးသေးပါဘူး။ စစ်မှုထမ်းခေါ်နေတဲ့ကာလဖြစ်လို့ တပ်ထဲသွင်းမှာ ကိုတော့ မိသားစုတွေ စိတ်ပူနေကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြောင်းပြချက် မယ်မယ်ရရမရှိပဲ ဖမ်းဆီးသွားကာ ယနေ့အထိပြန်လွှတ်ပေးခြင်းမရှိသည့်အပေါ် မိသားစုများက စိုးရိမ်နေကြကြောင်း သူကဆက် ပြောသည်။
ရခိုင်ပြည်၊ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ဂွ နှင့် မာန်အောင် မြို့တို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းခြင်း၊ စစ်ဆေးမှုတင်းကျပ်ခြင်းနှင့် ပြည်သူ့စစ်စည်းရုံးခြင်း၊ စစ်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူများ ဗုံးခိုကျင်းတူးထား သည်ကိုတွေ့ရှိပါကလည်း မြေပြန်ဖြည့်ခိုင်းကာ တူးရန်မလိုကြောင်း တားမြစ်မှု၊ ဖမ်းဆီးမှုများရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။