တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲအခြေအနေများကြောင့် အိမ်ထောင်ဦးစီးတွေ ဘာတွေစိုးရိမ်နေကြလဲ


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 373

ရခိုင်ပြည်နယ်တွင် တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ရခိုင်ရှိပြည်သူများ  စားဝတ်နေရေးအပြင် ကျန်းမာရေး၊လုံခြုံရေး  ပြသနာများ ကြုံတွေ့ရင်ဆိုင်နေရပါသည်။

ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေခြင်း၊ စစ်တပ်က အဖမ်းအဆီးများပြုလုပ်နေခြင်း၊ မြို့တွင်း ပိတ်ဆို့မှုများကြောင့်  မိသားစုစားဝတ်နေရေးအပြင် အနာဂတ်လုံခြုံရေးနှင့် ကျန်းမာရေး စိုးရိမ်မှုတွေကို လက်ရှိကြုံတွေ့နေရသည်ဟု ရခိုင်ရှိ အိမ်ထောင်ဦးစီးများက ပြောဆိုကြသည်။

မင်းပြားရှိ အမျိုးသမီးအိမ်ထောင်ဦးစီးတစ်ဦးကလည်း “ဘာလုပ်ရမှန်း မသိတော့ဘူး ၊  ဆိုင်တွေကလည်းမဖွင့်တော့ ဆေးဝါးတွေကလည်းမရှိဘူး။ အားလုံး ဒုက္ခရောက်နေကြတယ်။ ကျမတို့ရွာက စစ်ကြောင်းလမ်းကျတယ်။ အားလုံးက စိုးရိမ်နေကြတာဘဲ အိမ်မှာ ဗုံးတွင်းတူးထားတော့လည်း မထူးဘူးလေ။ မြို့က စစ်ဘေးရှောင်တွေလည်း မနည်း ရောက်နေကြပြီ အားလုံး ရွာတိုင်းကလူတွေကတော့ လေယာဉ်နဲ့လာပစ်မှာနဲ့ လက်နက်ကြီးနဲ့ပစ်မှာကို စိုးရိမ်နေကြတယ်။ အခု လည်းပစ်နေတယ်။ ဒီနေ့တော့ ရွာတွေဘက်ကို ပစ်နေတယ် ထင်နေကြတယ်။ အသံသွားရာနဲ့ ကျတဲ့အသံက တောတောင်တွေကိုပစ်တဲ့အသံနဲ့မတူဘူး။  ကြောက်နေကြတာဘဲ”ဟု သူမကြုံတွေ့နေရသည်များကို ဆိုသည်။

ပုဏ္ဏားကျွန်းရှိ မြိုလူမျိုး အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးကလည်း “ကျွန်တော်တို့ စိုးရိမ်တာက စားဝတ်နေရေး အခက်အခဲပေါ့နော်၊ မရှိတဲ့သူတွေအတွက်ကမလွယ်ဘူးလေနော်။ ကုန်စျေးနှုန်းက တက်နေတာဆိုတော့ မဝယ်နိုင်ဘူး၊ စုဆောင်းထားတာက ပိုက်ဆံရှိတဲ့သူတွေပဲ အစားအသောက်ကြိုတင် ဝယ်ဖြည့်ထားမို့ အဆင်ပြေပေမယ့် တနေ့လုပ်တနေ့စားနေရတဲ့ဘဝတွေဆို‌တော့ မလွယ်ဘူး၊ လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေ လမ်းတွေလည်း ပိတ်ထားတယ်။ စစ်ကောင်စီ ဘက်ကလည်း အဖမ်းအဆီးကြားမိတယ်။ ဒီဘက်မှာ သိပ်လုံခြုံမှုမရှိဘူး အဲတော့ ကျွန်တော့အနေ နဲ့တော့ စိုးရိမ်မိပါတယ်" 

“အခုလိုကာလတွေမှာတော့ မိသားစုအတွက်ဆိုတော့ အတိုးနဲ့ချေးပြီးတော့ ပိုက်ဆံဖြစ်ဖြစ်၊ဆန်စပါးဖြစ်ဖြစ် အတိုးနဲ့ချေးပြီးစားနေရပါတယ်၊ ရွာမှာရှိတဲ့အလုပ်အကိုင်ဆိုလည်း လူတွေက သိပ်မခေါ်ဘူး အဲတော့ ပိုက်ဆံရှာဖို့က နည်းနည်းခက်ခဲနေတယ်၊ တချို့ဆိုရင် ချေးဌားပေမဲ့ မရတော့ အငတ်ခံပြီး ဖြေရှင်းနေရတယ်” ဟု ဆိုပါတယ်။ 

အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ရခိုင်ရှိ အခြေခံလူတန်းစား အိမ်ထောင်ဦးစီးများ ခံစားကြုံတွေ့နေရသည်။  မိသားစု စားဝတ်နေရေးအတွက် ပူပင်နေကြရသူများတွင် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူအိမ်ထောင်ဦးစီး ဒေါ်အေးမေလည်း အပါအဝင်ဖြစ်သည်။


“အခုက စပါးကလည်း မပေါ်သေးတော့ မိသားစု စားသောက်ရေးအတွက် ချေးငှားစားကြရတယ်။ တချို့ကလည်း ငါးရှာ၊ကဏန်းရှာစားကြရတယ်။ အားလုံးက စိုးရိမ်နေကြတော့ ဆောင်းသီးနှံစိုက်ဖို့ကလည်း များများ စားစား မစိုက်ရဲကြဘူး။ တချို့ကျတော့လည်း စိုက်ပျိုးဖို့ ငွေကြေး မတတ်နိုင်ဖြစ်နေကြရတယ်”ဟုဆိုသည်။

လက်ရှိအချိန်မှာ အလုပ်ပြတ်သည့် ရာသီဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေးနှင့် သား၊ သမီး ပညာရေး အတွက်ပါ အလွန်စိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင် စခန်းတွင်နေထိုင်သည့် ဒေါ်အေးမေက ပြောသည်။

“အခုက စပါးရိတ်သိမ်းချိန်ကလည်း မရောက်သေးဘူး။ ပဲတွေဘာတွေလည်း မနုတ်ရသေးလေ။ အရင်က ထင်းခုတ်ရောင်းကြပေမဲ့ အခုကထင်းတွေလည်း မယူရ လို့ပိတ်ထားတော့ ကျပန်းလုပ်နေကြရတယ်။ သား သမီး ပညာရေးရေးကလည်းရှိတော့ သူတို့အတွက်လည်း စိုးရိမ်ရတယ်။ တချို့မိသားစုတွေဆို လုံးဝ အသားငါး မစားနိုင်တဲ့ သူတွေရှိတယ်”   

လက်ရှိအချိန် ရခိုင်ပြည်တွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည့်အတွက် အားလုံးက စိုးရိမ်နေကြပြီး ငါး၊ ကဏန်း ရှာဖွေရန်လည်း ဝေးဝေးမသွားရဲကြဘဲ  မိသားစု စားဝတ်နေရေးထက် အသက်အန္တရာယ်တွက်  စိုးရိမ်နေကြရသည်ဟု ဆိုသည်။

လက်ရှိအခြေအနေများကြောင့်လည်း အခြေခံစားသောက်ကုန်များသည်  ဆန်၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဆီအပါအဝင် တခြားစားသောက်ကုန်များမှာလည်း လွန်ခဲ့သည့်လကထက် စျေးမြင့်တက်နေသည်။ 

ကျွန်တော်တို့ဆီမှာ “ပေါ်ဆန်းမွှေးတစ်အိတ် ၁၃၀၀၀၀ ကျပ်၊ သီရိဒုံတစ်အိတ် ၉၅၀၀၀ ကျပ်၊ စားဆီ ၅ လီတာတစ်ဗူး ၄၀၀၀၀ကျပ်နှင့်  ကြက်သွန်ဖြူ တပိဿာ ၂၃၀၀၀ကျပ်အထိ စျေးမြင့်တက်နေတယ်" ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

 ယခုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်လာခြင်းမှာ စစ်ကောင်စီက လမ်းများကို ပိတ်ဆိုထားပြီး ကုန်စည်စီးဆင်းမှုကို ကာလရှည်ကြာ ပိတ်ထားသည့် အတွက်ဖြစ်သည်ဟု နာမည်မဖော်လိုသည့် မြောက်ဦးမြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

“အဓိကတော့ လမ်းတွေကိုပိတ်ဆို့ထားတဲ့ စစ်ကောင်စီနဲ့ဘဲ သက်ဆိုင်တယ်လို့ မြင်ပါတယ်။ သူတို့က လမ်း တွေကို အရင်က မပိတ်ပေမဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို အချိန်အကြာကြီးကန့်သတ်ထားခဲ့တယ်။ ဂိတ် တွေမှာ မလိုအပ်ဘဲ အချိန်အကြာကြီးစစ်ဆေးတယ်။ တချို့ဂိတ်တွေမှာဆို ကုန်အမျိုးအစားလိုက်ငွေ ကောက်တယ်ဆိုတော့ စျေးနှုန်းကမြင့်လာတယ်။ အခုဆိုရင် လုံးဝသွားလာလို့မရတော့ဘူးလေ။ အားလုံကို ပိတ်ထားလိုက်ပြီ။ ကုန်းလမ်း၊ ရေလမ်းတွေကို ပုံမှန်အတိုင်း သွားလာခွင့်ပြုလိုက်ရင် ကုန်စျေးနှုန်းက သူ့အလိုလို ကျ သွားမှာပါ။ ခြုံပြောရရင်တော့ လမ်းပမ်းဆက်သွယ်ရေးကြောင်းလို့ဘဲ ပြောလို့ရတယ်”

 ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကိုအကြောင်းပြုပြီး စစ်ကောင်စီက ပြည်နယ်တခုလုံး အတိုင်း အတာဖြင့် ကုန်လမ်း၊ ရေလမ်းများကို ပိတ်ထားသည့်အပြင် ပြည်မနှင့်ဆက်သွယ်ထားသည့် လမ်းများကိုလည်း ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုအားလုံး ရပ်တန့်နေပြီး ကျောက်ဖြူနှင့် ဂွမြို့နယ်မှ ဒေသခံရေလုပ်သားများကိုလည်း ဒေသအာဏာပိုင်များက ငါးဖမ်းခွင့်ကိုလည်း ပိတ်ထားလိုက်ပြီးဖြစ်သည်။

ဒေသအတွင်း စစ်ပွဲများနှင့် အမျိုးသားများကို ဦးတည်ဖမ်းဆီးခြင်း၊ အလုပ်ကိုင်ရှားပါးခြင်းများကြောင့်  ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းမြင့်တက်မှုက မိသားစု လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် အိမ်ထောင်ဦးစီးများသောကတွေကတော့  နေ့စဉ်နဲ့အမျှ စိုးရိမ်နေစရာပင်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ