- Web Master
- ၀၈ စက်တင်ဘာ ၂၀၂၄
(မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကိုမထိခိုက်၊ မဖျက်ဆီးကြရန် ကတိကဝတ်ပြုခဲ့ကြဟု တရုတ်ပြော)
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ယာယီအပစ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင် အချင်းချင်းကြားထိတွေ့မှုမရှိစေရေး၊ အငြင်းပွားမှုတွေနဲ့ လိုလားချက်တွေကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းရေး စတဲ့ အချက်တွေအပေါ် သဘောတူညီမှု ရရှိခဲ့ကြပါတယ်"ဟု ပြောကြားသည်။
ထို့အတူ နှစ်ဦးနှစ်ဖက်မှ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တို့၏ လုံခြုံရေးကို မထိခိုက်၊ မဖျက်ဆီးကြရန် ကတိကဝတ်ပြုခဲ့ကြပြီး နှစ်ဦးနှစ်ဖက်မှ ချက်ချက်အပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက်ဆွေး နွေးသွားပါမည်ဟုလည်း သူမက ပြောဆိုသွားသည်။
ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တတိယအကြိမ် ကျင်းပခဲ့ပြီး စစ်ကောင်စီဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ၏ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ် ၇ ဦး၊ MNDAA က ကိုယ်စားလှယ် ငါးဦး၊ TNLA က ကိုယ်စားလှယ် ခုနစ်ဦး၊ ရက္ခိုင့်တပ်တော် AA က ကိုယ်စားလှယ် ခုနစ်ဦးနှင့် တရုတ်နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
အပစ်ရပ်စဲရေးသည် ယမန်နေ့ ဇန်နဝါရီလ ၁၁ မှစတင်ကာ အကျုံးဝင်ကြောင်း၊ သို့သော်လည်း ရှမ်းမြောက်ဒေသတွင်သာအပစ်ရပ်မည်ဖြစ်ပြီး ရခိုင်အပါအဝင် ကျန်ဒေသများမပါဝင်ကြောင်း ယခုအပစ်အခတ်ရပ်စဲရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသ အပစ်ရပ်ရေးကို အဓိက သက်ရောက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ်သည့် သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီ ၁၂ ရက်အထိ ရခိုင်မှာ မင်းပြား၊ ကျောက်တော် ၊ မြောက်ဦးမြို့နယ် စသည့်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက "အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ ဒီဘက်မှာ ရိုက်ခတ်မှု တစ်စုံတစ်ရာမရှိသေးဘူး။ အရိပ်အယောင်လည်းမတွေ့ရသေးဘူး။ အခုလက်ရှိ ရခိုင်မှာတော့ မြို့နှစ်မြို့သုံးမြို့မှာ စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ပလက်ဝ အပါအဝင်ပေါ့။ အဲ့ဒီဘက်က အကျိုးသက်ရောက်မှုတွေတော့ ဒီမှာ တစ်စုံတစ်ရာသက်ရောက်မှုမရှိသေးဘူးလို့မြင်ပါတယ်"ဟု ပြောသည်။ (NN-7)