စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

မောင်တောတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

( ၄ မိုင်ရှိ ရခိုင်နေအိမ်များကို စစ်ကောင်စီမီးရှို့နေပြီး ဒေသခံမွတ်ဆလင်‌ ထောင်ချီထွက်ပြေး)

 

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၁ ရက်/၂၀၂၄

 

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော မြို့မကညင်တန်းရပ်ကွက်  BAJ ရုံးအနီးတွင်  အာရက္ခတပ်တော်နှင့်  စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာနေသဖြင့် ယနေ့ ( ဇွန်လ ၂၁ ရက်)  ညနေ ၃ နာရီကျော်က  စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲချခဲ့ကြောင်း ဒေသခံမွတ်ဆလင်များထံမှသိရသည်။

 

 " ညနေ  ၃ နာရီ ၂၀ မိနစ်  ဂျက်တိုက်လေယာဉ် အသံကြားတာနဲ့ ဗုံး ၂လုံး ဂျိမ်းဂျိမ်းဆိုပြီး ရှေ့ဆင့်နောက်ဆင့်  အသံ အကျယ်ကြီး ထွက်လာတယ်။ မြေတွေ ငလျှင်လှုပ်သလိုတုန်ခါသွားတယ်။ လူတွေ ထွက်ပြေးကြတယ်။ နောက်ထပ်လည်း ဗုံးချ‌သံတွေ ကြားရတယ်။ BAJ အနီးနဲ့ ပန်းတောပြင် တံတား အလွန်ဖက်ကို ဗုံး ၆ လုံးလောက် ကြဲချခဲ့တယ်လို့ ခန့်မှန်းရပါတယ်" ဟု ပြောကြားသည်။

 

မောင်တောမြို့ ၊ မြို့မကညင်တန်းရပ်ကွက်ရှိ BAJ ရုံးအနီး၌စစ်ကောင်စီတပ်များနှင့် အာရက္ခတပ်‌တော်တို့  ဇွန်လ ၂၀ ရက် နံနက်မှ ဇွန်လ ၂၁ ရက် ယ‌နေ့ ညနေပိုင်းအထိ‌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်ဟု သိရသည်။

 

၎င်းပြင် အာရက္ခတပ်တော်မှ မောင်တောမြို့အဝင်ရှိ  နခခ(၅)အား ဝိုင်းရံပိတ်ဆို့ပြီး  ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်နေသလို နခခ(၅)မှလည်း လက်နက်ကြီးများ‌ဖြင့်  နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်လျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

"ကညင်တန်းရပ်ကွက်က  ဒေသခံတွေဘယ်လို့မှ နေလို့ အဆင်မပြေတောဘူး။ မနေ့ကလည်း နခခ(၅)က ပစ်တဲ့  လက်နက်ကြီးကျပြီး‌‌ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်။ ဈေးဆိုင်တွေလည်း ပြိုပျက်ခဲ့ရတယ်။ ဒီနေ့မှ ာဂျက်နဲ့လာပြီး ထပ်ဗုံးကြဲချတယ်ဆိုတော့ ဘယ်သူမှ မနေရဲကြတောဘူး။ ဒေသခံတွေအားလုံး လုံခြုံမယ့် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်" ဟု ဒေသခံမွတ်ဆလင်တဦးကပြောဆိုသည်။

 

မောင်တောမြို့မ ကညင်တန်းရပ်ကွက်၌ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ခန့်နေထိုင်နေကြသည့်  ရပ်ကွက်ကြီးတစ်ခုလည်းဖြစ်ပြီး လက်ရှိ တိုက်ပွဲကြားက အသက်လု ထွက်ပြေးနေကြရသည်ဟု ဆိုသည်။  

 

ထို့ အတူ ယနေ့  ညနေ ၄ နာရီ ၃၅ မိနစ်တွင်လည်း စစ်ကောင်စီဂျက်တိုက် လေယာဉ် ၂ စီးဖြင့် နခခ(၅)၏ မြောက်ဖက်တွင် တည်ရှိသည့် ဟာဘီ(မွတ်ဆလင်)ကျေးရွာအနီးနှင့် ၄ မိုင် နခခ(၂)အနီးရှိ သာယာကုန်း ကျေးရွာများသို့ ဗုံးလာကြဲချခဲ့ကြောင်း  ဒေသခံများထံမှသိရသည်။

 

 "BAJ နားကို ဗုံးကြဲလို့ပြီးတာနဲ့ တစ်နာရီအကွာမှာ ဟာဘီ နဲ့ ၄ မိုင်သာယာကုန်းရွာကို ဗုံးလာကြဲချ နေတယ်။ ၄ မိုင်က မွတ်ဆလင်တွေ နဲ့ ဟိန္ဒူတွေထွက်ပြေးနေကြတယ်။ ရခိုင်တွေက ပြေးသွား တာကြာပြီ"ဟု  လေးမိုင်ဒေသခံတစ်ဦးကပြောဆိုသည်။

 

ဇွန်လ ၂၁ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီခန့်မှ စတင်ပြီး လေးမိုင်ရပ်ကွက် သာယာကုန်းကျေးရွာအနီး၌ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေကြပြီး နခခ(၂)နှင့် နီးစပ်တဲ့ ၄ မိုင်ရပ်ကွက်ရှိ ရခိုင်လူနေအိမ်များအား စစ်တပ်က မီးရှို့လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။


၎င်းလေးမိုင်နေအိမ်များ မီးရှို့မှုအား ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပြီး သတင်းအပြည့်အစုံရပါက ဆက်လက်တင်ပြပေးပါမည်။


ဆက်စပ် သတင်းများ