စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

မောင်တောမြို့ပေါ်တိုက်ပွဲ ညအချိန်ကနေ နံနက်ထိအထိ အပြင်းထန်ဆုံးဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၆ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့ ယမန်နေ့ ည ၁၁ နာရီက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ယနေ့ နံနက် ၇ နာရီကျော်ထိ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ဇွန်လ ၂၅ ရက် ည ၁၁ နာရီအချိန်မှ စပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး  ညသန်ခေါင် ၁၂ နာရီအချိန်တွင်  စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲချ‌ခဲ့သဖြင့် တစ်မြို့လုံးဆူညံသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းပြင် နတ်မြစ်အတွင်းရှိနေဗီမှလည်း လက်နက်ကြီးမျာဖြင့်  ပစ်ကူ‌‌ခဲ့ကြောင်း မောင်တောမြို့ပေါ်က ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"မောင်တောမြို့မှာ ည ၁၁ နာရီကစပြီး စစ်ကောင်စီနဲ့ အေအေတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန် ဖြစ်နေကြတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံ‌တွေမြို့ပေါ်က ဆူညံစွာကြားရတယ်။ နေဗီက မြို့ကိုကျော်ပြီး လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်။ စစ်‌ကောင်စီဖက်က အထိနာ‌လာလို့ ညသန်ခေါင် ၁၂ နာရီမှာ ဂျက်လေယာဉ်က ဗုံးကြဲချတယ်လို့ သိရတယ်။  မြို့ပေါ်ကနေ လေယာဉ် ညဉ့်သန်းခေါင် အချိန်  မြို့ပေါ်က အသံအကျယ်ကြီးနဲ့ ဝဲပျံသွားတယ်လို့ လူတိုင်း ကြောက်ခဲ့ကြရပါတယ်"ဟု  ၎င်းက ပြောသည်။

လက်ရှိတိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး  စစ်ကောင်စီတပ်များမှာလည်း မြို့ပတ်လည်၌ နေရာ ယူထားကြပြီး အေအေတပ်ဖွဲများ မြို့တွင်းသို့ မဝင်ရောက်နိုင်ရန်  အပြင်းအထန် ခုခံတိုက်ခိုက်လျှက် ရှိနေသည်ဟုသိရသည်။

စစ်ကောင်စီတပ်များသည်  မြို့မကညင်တန်းရပ်ကွက်ရှိ ဘင်္ဂလာဘုန်းကြီးကျောင်း၊ လူကယ်ပြန် ရုံးများတွင် နေရာယူထားပြီး ရပ်ကွက်(၅)ရှိ လက်သာ (မွတ်ဆလင်)ရွာ နှင့် အမှတ်(၃)ရပ်ကွက် မြို့ဦးရွာရှိ ကာလဘာ(မွတ်ဆလင်‌)ကျေးရွာများမှ အပြင်းအထန် ခုခံနေကြသည်ဟု ပြောဆိုကြသည်။

စစ်ကောင်စီ နေရာယူထားသည့် နေရာများအား အာရက္ခတပ်တော်မှ ဒရုန်း၊ အာပီဂျီများ ဖြင့် အဆက်မပြတ် ပစ်ခတ် နေသလို မြေပြင်မှလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေကြကြောင်းဒေသခံများကပြောဆိုသည်။

"လက်ရှိမြေပြင်အနေအထားအရဆိုယင် အေအေတပ်ဖွဲတွေ့က မောင်တောတစ်မြို့ လုံးကို ဝိုင်းထားကြပြီ။ စစ်ကောင်စီက မြေပြင်မှာဘယ်လိုမှ မခုခံနိုင်ကြတော့ဘူး။ လေကြောင်း တစ်ခုတည်းနဲ့ မြို့မကျဖို့ ကာကွယ်နေရတာ။ အနီးကပ်ဖြစ်နေကြတာဆိုတော့ လက်နက်ကြီးပစ်ကူလည်း ဘာမှ မထူးတောဘူး" ဟု ဒေသလူကြီးတစ်ဦးက ပြောဆိုသည်။

မောင်တောမြို့ပေါ်  ပြည်သူများနှင့်  မြို့မကညင်တန်း၊ မြို့ဦး၊ ရပ်ကွက်(၅) ၊ လသာ၊  ဧတေလီယာ၊ ဘက္ကာဂုံးနား၊ ဟာဘီ စသည့်ကျေးရွာများမှ မီးစက်ခွဆုံရှိ အထက(၂) စာသင်ကျောင်း၌ တိုက်ပွဲရှောင် ခိုလှုံလျှက်ရှိသော ဒေသခံ မွတ်ဆလင် အများအပြားမှာ တိုက်ပွဲပြင်းထန်နေသဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ