တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(စစ်ကောင်စီက လေယာဉ်များဖြင့် မောင်တောမြို့ ကို အပြင်းအထန် ကာကွယ်နေ)

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလိုင် ၁၀ ရက်/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ်မှ တစ်ခုတည်းသော လက်ကျန်မြို့ မောင်တောကို အာရက္ခတပ်တော် ( AA) မြို့သိမ်းတိုက်ပွဲအဖြစ်  ဆက်လက်ပြီး ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲမှာ နေ့ရောညပါ အလွန်ပြင်းထန်လျက် ရှိနေသည်ဟု သတင်းရရှိသည်။

အာရက္ခတပ်တော်၏ ပြင်းထန်သော ထိုးစစ်အတွင်း စစ်ကောင်စီဘက်က အကျအဆုံးများလာသဖြင့် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပြီး ခုခံကာကွယ်နေရကြောင်း မောင်တာ ဒေသခံများထံမှ  သိရသည်။

စစ်ကောင်စီတပ်များအား အေအေ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် နေရာများကို ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် အာရုဏ် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" ဒီနေ့ မနက်အာရုဏ်မှာ လေယာဉ်နဲ့ ဗုံးချတာ မောင်တောတစ်မြို့လုံး တုန်ခါသွားတယ်။ အဆောက်အအုံ အချို့ မှန်တွေ ကွဲသွားတယ်။ ညတိုက်ပွဲကလည်းတစ်ညလုံး ဖြစ်ကြတာ။ အလွန်ပြင်းထန်တယ်။ မိုးကလည်းရွာ လက်နက်ကြီးအသံတွေက ဆူညံ။ မိုးရွာ‌ နေတာတောင်မှ စစ်ကောင်စီက Y-12 နဲ့မနေ့ညက ဗုံးလာကြဲချခဲ့တယ်"ဟု  တိုက်ပွဲအထဲတွင် ပိတ်မိနေသည့် ဒေသခံတဦးကပြောသည်။

ယမန်နေ့ ဇူလိုင်လ ၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၌ ‌ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ ဗုံးများ လာရောက်ကြဲချခဲ့အပြီး ညနေ ၅ နာရီ မှ ည ၆ နာရီကျော်အထိ Y-12 ဗုံးကြဲလေ‌ယာဉ်ဖြင့်လည်း  မြို့အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လှည့်ပတ်ပြီး  ဗုံးအလုံးရေ ၅၀ ကျော်ခန့်ကြဲချခဲ့သည်ဟု ၎င်းက ဆိုသည်။

၎င်းပြင် ည ၇ နာရီ ၅၆ မိနစ်တွင်နောက် ထပ် Y-12 ဗုံးကြဲလေယာဉ်တစ်စီး ထပ်မံ‌ရောက်ရှိလာပြီး မိုးရွာ‌နေသည့်ကြားမှ ဗုံကြဲချခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

"မောင်တောမကျဖို့ စစ်‌ကောင်စီက လေကြောင်းကနေ အတော်လေး ပြင်းပြင်းထန်ထန် ကာကွယ် နေတာ‌ တွေ့နေရတယ်။ ဂျက်တိုက်လေယာဥ်တွေ၊ Y-12 ဗုံးကြဲ လေယာဉ်တွေနဲ့ အဆက်မပြတ် လာပြီး ဗုံးချ‌နေရတယ်။ ဒီနေနဲ့ ဆိုသုံးရက်ရှိပြီ။ Y-12 နဲ့ ဗုံးချတာက အတွဲလိုက် ဗုံးတွေပါ ချလာတယ်။ တစ်လုံးချတာ သုံးလေးလုံး ဆက်တိုက်ပေါက်ကွဲတာတွေ မျက်ဝါးထင်ထင် ကြားမြင်နေကြရတယ်။ အတော်လေးပြင်းပြင်းထန်ဗုံးကြဲနေတာ။ နတ်မြစ်၀မှာ ရှိနေတဲ့ နေဗီတွေကလည်း ညသန်ခေါင်မှာ အမြောက်ကြီးတွေနဲ့ လှမ်းပစ်နေကြတယ်"လို့  မောင်တောမြို့ထဲက နောက်ထပ် ဒေသခံတစ်ဦးကလည်း နိရဉ္စရာသို့ ပြောဆိုသည်။

စစ်ကောင်စီသည် ဇူလိုင်လ ၈ ရက်နေ့တွင် ဂျက် တိုက်လေယာဉ်များဖြင့် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်၌ တစ်ကြိမ်၊ ည ၇ နာရီ၌တစ်ကြိမ်၊ ည ၁၁ နာရီ ၂၅ မိနစ်ခန့်၌ တစ်ကြိမ် နခခ(၅)အနီးနှင့် တိုက်ပွဲ ဖြစ်ပွါး‌နေသည့် မြို့ပတ်ပတ်လည် နေရာများအား ဗုံးများကြဲချခဲ့သည်ဟု သိရသည်။

"မောင်တောမှာ အေအေ ထိုးစစ်ကို စစ်ကောင်စီတပ်‌တွေဘယ်လိုမှ တောင့်မခံနိုင်ကြ‌တောဘူး။ အကျအဆုံးက အလွန်များလာနေတယ်လို့ သိရတယ်။ အဲဒါ‌ကြောင့် လေကြောင်းကို အဓိအသုံးပြုပြီး အပြင်းအထန် ခုခံကာကွယ်နေကြတယ်"ဟု  မျက်မြင်ဒေသခံတဦးကပြောဆိုသည်။

လေကြောင်းမှ အပြင်အထန် ဗုံးကြဲတိုက်ခိုက်လာသော်လည်း လက်ရှိအချိန် ၌ တိုက်ပွဲများမှာ မြို့ပတ်လည်တွင် ပြင်းထန်စွာဖြစ်ပွားလျှက်ရှိနေပြီး အေအေဘက်မှ ဒရုန်းများဖြင့် စစ်ကောင်စီ ခြေကုတ်စခန်းငယ်များနှင့် နခခ(၅)အား ဗုံးချတိုက်ခိုက်နေသည်။

နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၅)မှလည်း  လက်နက်ကြီးကျည် အလုံးထောင်နှင့် ချီပြီးအဆက်ပြတ် ပစ်ခတ်လျှက် ရှိနေကြကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ